ကချင်ပြည်သူများကို ဆန်နှင့်ကုန်ပစ္စည်းများ သယ်ယူခွင့်ကန့်သတ်ခံထားရ၊တရုတ်ကုမ္ဗဏီများမှာ လွတ်လပ်စွာ သယ်ယူခွင့်ရရှိနေဟုဆို

သတင်းနှင့်မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များသို့ ဆန် ဆီး ဆား အပြင် အခြား အိမ်သုံးကုန်ပစ္စည်းများ သယ်ယူခွင့်အား ကန့်သတ်ထားသော်လည်း တရုတ်ကုမ္မဏီများမှ အကန့်အသတ်မရှိ သယ်ယူခွင့် ရရှိနေသည်ဟုသိရသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေ တို့ ကြား ပြန်လည်ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ် တိုက်ပွဲများ နောက်ပိုင်း ဆန်၊ ဆီ၊ ဆား အပြင် အခြားအိမ်သုံးကုန်ပစ္စည်းများကို ကချင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသခံ များ အနေနှင့် အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ရနေခြင်း ဖြစ်သည်။

သို့သော် ကချင်ပြည်နယ် မြောက်ပိုင်းတွင် စီမံကိန်းများ ဆောင်ရွက်နေသည့် တရုတ်ကုမ္မဏီများ က ဒေသခံများကဲ့သို့ ကန့်သတ်မှုမရှိပဲ လွတ်လပ်စွာသယ်ယူခွင့်ရရှိနေသည်။

တရုတ်တွေက ကုမ္မဏီကတင်သွားတဲ့ ဆန်တွေက ကားကြီးနဲ့တင်တာ ဓာတ်ဆီ ဒီဇယ်တွေကော သူတို့ ကေအိုင်အေ ထိန်းချုပ်နယ်မြေဖက်ကိုတင်သွားတယ် ကျနော်တို့မြင်နေရတယ်ပေါ့ အဲဒါကျ တော့ ကျနော်တို့ ပြည်သူတွေရဲ့အမြင်ကျတော့ ဒါကျနော်တို့ နိုင်ငံရေး စစ်ရေးဖက်က ပိတ်တာ မဟုတ်ဘူး ဒီ စီးပွားရေးဖက်က ပိတ်တယ်ဆိုပြီး ကျနော်တို့က အဲလိုပဲမြင်နေရတာ အဲတော့ တရုတ်တွေကတော့ တင်လို့ရတယ် ကျနော်တို့ ပြည်သူတွေကတော့ တင်လို့မရဘူး တကယ်လို့ များ ကျ နော်တို့ ပြည်သူတွေက ဆန်တင်တယ် ဓာတ်ဆီတင်တယ်ဆိုရင်လည်း တရုတ်တွေတင် တဲ့ဆန်က လည်း ဆန်ပါပဲ ကျနော်တို့ ပြည်သူတွေတင်မဲ့ဆန်ကလည်း ဆန်ပါပဲ ဒါပေမဲ့ ကျနော် တို့ ပြည်သူ တွေက ကိုယ်တိုင် မိမိအိမ်သုံး မိမိအိမ်မှာသုံးဖို့ ချက်ဖို့ စားဖို့တင်တာပဲ ဒါပေမဲ့ ကျနော်တို့က မတင် ရဘူး အဲလိုဖြစ်နေတယ်ဟု ဆော့လော် ဒေသခံတစ်ဦး မှ ပြောသည်။

တရုတ်ကုမ္မဏီများမှ တင်ယူလာသည့် ကုန်ပစ္စည်းများသည် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ အစိုး ရတပ်မတော် ထိန်းချုပ်ရာဒေသအသီးသီးမှ ဖြတ်သန်းကာ သယ်ယူသွားကြသည်ဟု ဒေသခံများ က ပြောသည်။

ဒေသခံများမှ သယ်ယူလာသည့် ရိက္ခာများအား ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အား သွားရောက် တင်ပို့မည်ကို မြန်မာ့တပ်မတော်မှ စိုးရိမ်သည့်အတွက် ယခုကဲသို့ ကန့်သတ် လိုက်ခြင်းဖြစ် နိုင်သည်ဟု ယူဆကြောင်း ဒေသခံများကပြောသည်။

မြစ်ကြီးနားမြို့ မှ ကချင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များသို့ ဒေသခံများ သယ်ယူလာသော စား သုံးကုန်များနှင့် အိမ်သုံးကုန်ပစ္စည်းများကို ကန်ပိုင်တီ – ချီဖွေ လမ်းခွဲရှိ လုံခြုံရေးယူထားသည့် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများက စီစစ်ကာ ဖြတ်တောက်သည်ဟု ဒေသခံများက ပြောသည်။

ဒီ ဆန်၊ ဆီ၊ ဆား ကိစ္စပေါ့နော ပိတ်ထားတဲ့ဥစ္စာကျတော့ အခုကျနော်တို့ဆီမှာ တစ်နှစ် နည်း နည်း ကျော်ခဲ့ပြီပေါ့နော်၊ ဆန်၊ ဆီ၊ ဆား ကားတစ်စီးကို ဒီဆန်တင်ရတာကတော့ ဘာဖြစ်ဖြစ် နှစ် တင်း အိတ်ဖြစ်စေ သုံးပုံးအိတ် ဖြစ်စေပေါ့နော နှစ်အိတ်ထက်ကျော်လို့မရဘူး ဆီကတော့ တစ်ပုံး ပေါ့နော်၊ သူတို့ သတ်မှတ်ပေးတာ အဲဒီထက် ပိုတဲ့ဥစ္စာကျတော့ အားလုံး ကျနော်တို့ဒီ ကန်ပိုင်တီ နဲ့ ကျနော်တို့ ချီဖွေတက်တဲ့လမ်းခွဲမှာ အဲမှာ စစ်တပ်ရှိတယ် အဲစစ်တပ်က အထိုင်က ဒီ ဝါးရှောင် မှာထိုင်တဲ့ တပ်ရင်းအဖွဲ့က လုံခြုံရေးလာယူတယ်လို့ ကျနော်အဲလိုကြားတာပေါ့နော်။ သူတို့ စီစစ် ပြီးမှ အားလုံးဖြတ်တောက်ပစ်လိုက်တယ်။ ဟု ချီဖွေဒေသခံ ဦးရှီးဇော်ဇောင်းဒိုင်မှ ပြောသည်။

စားသောက်ကုန်ပစ္စည်းများနှင့် အိမ်သုံးကုန်ပစ္စည်းများသယ်ယူခွင့်ကို ဖြတ်တောက်ခြင်းဖြင့် ချီဖွေမြို့ တွင် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် အစိုးရဝန်ထမ်းမဟုတ်သည့် ဒေသခံ ပြည်သူများ အနေဖြင့် ဝယ်ယူစားသုံးရန် အခက်တွေ့နေသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် အစိုးရဝန်ထမ်းများအနေဖြင့် အဆင်ပြေသော်လည်း ဒေသခံ ဌာနေ တိုင်းရင်းသားများအတွက် နေ့စားလုပ်ကိုင်ရန် အလုပ်အကိုင်မရှိခြင်း၊ စိုက်ပျိုးရန် မြေနေရာမရှိခြင်း၊ တိုက်ပွဲများကြောင့် တောင်ယာလုပ်ကိုင်ရန် လုံခြုံမှုမရှိခြင်းတို့ကြောင့် စားဝတ်နေရေး အတွက် အခက်အခဲများဖြင့် တွေ့ကြုံနေကြရသည်။

ယခုလို အခြေအနေများကြောင့် စားဝတ်နေရေးခက်ခဲလွန်းလှသည့်အတွက် ထမင်းချက်စားရန် ဆန်မရှိသည့်အဆုံး ဒေသအတွင်း ရှိ ပြောင်းဖူး၊ မျောက်ဥ၊ ပိန်းဥ စသည်တို့ကို စားသာက်ကာ နေကြရသည်ဟု ဒေသခံများက ပြော သည်။

ချီဖွေ၊ ဆော့လော်ဒေသခံများအနေဖြင့် ကန့်သတ်ချက်ဖြင့် သယ်ယူရသည့် စားသောက်ကုန်များ နှင့် အိမ်သုံးကုန်ပစ္စည်းများကို သယ်ယူနိုင်ရန်အတွက် ထောက်ခံစာယူကြရသည်။

သို့သော် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထောက်ခံစာဖြစ်ပါက အမေးအမြန်းခံရကြောင်း တပ်မတော်မှ တပ်ရင်းမှူး ထောက်ခံစာပါမှ အဆင်ပြေကြောင်း ဒေသခံများက ဆိုသည်။

မိမိတို့အနေဖြင့် ကုန်ပစ္စည်းသယ်ယူရန် ထောက်ခံစာရယူကြရပြီး တရုတ်ကုမ္မဏီအနေဖြင့် မည်ကဲ့ သို့ လုပ်ဆောင်နေသည်ကို မသိကြောင်း ချီဖွေ ဒေသခံ ဦးရှီးဇော်ဇောင်းဒိုင်မှ ပြောသည်။

ကျနော်တို့ရဲ့အမြင်ထဲမှာတော့ ဒီတရုတ်တွေကျတော့ သူတို့ရဲ့ အထက်ကိုတစ်ခါတည်း ဘယ်လို ဘယ်ပုံစံလုပ် ထားတယ်ဆိုတာ ကျနော်တို့က တိတိကျကျတော့ မသိဘူးပေါ့နော ဒါပေမဲ့သူတို့က ငွေရှိတဲ့ အရင်းရှင်တွေ လုပ်ငန်းရှင်တွေဆိုတော့ အထက်လူကြီးနဲ့ဘယ်လိုညှိထားမှန်း မသိဘူး ဟု ဦးရှီးဇော်ဇောင်းဒိုင်မှ ပြောသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ( ကေအိုင်အေ) တို့ကြား ဖြစ်ပွားလျက် ရှိ သော တိုက်ပွဲများကြောင့် ဒေသခံ ကချင်ပြည်သူများအနေဖြင့် သွားလာရန်ခက်ခဲလာခြင်း၊ လုပ် ကိုင်စား သောက်ရန် ခက်ခဲလာခြင်း၊ ဒုက္ခသည်များအဖြစ် စစ်ရှောင်စခန်းများတွင် နေထိုင်ကြရပြီး မိမိတို့ နေရပ်သို့ ပြန်လည်နေထိုင်လိုသော်လည်း နေရပ်ပြန်ရန် မဖြစ်နိုင်သေးဘူးလို့ စစ်ရှောင်များ က ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA အဖွဲ့သည်၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာ့ အစိုးရနှင့် ၁၉၉၄ ခုနှစ်တွင် ၁၇ နှစ် ကြာ အပစ်အခတ်ရပ်စဲခဲ့သည်။သိုသော် ၂၀၁၁ ခုနှစ် တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။