အစိုးရ နှစ်ခုဖြစ်နေခြင်းကြောင့် NCA ထိုးရန် အခက်အခဲဖြစ်ဟု UNFC ဥက္ကဌပြော
သတင်းနှင့်မီဒီယာ ကွန်ရက်။
ဧပြီလ ၈ ရက်၊ ၂၀၁၇ ခုနှစ်။
မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် အစိုးရမှာ နှစ်ခုဖြစ်နေသည့်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် အခက်အခဲဖြစ်နေရခြင်းဖြစ်သည်ဟု ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ က ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ကျင်းပနေသည့် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးထားသည့် အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များ ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အခုလို ပြောခဲ့သည်။
“ကျနော်တို့ NCCT နဲ့ သွားတဲ့လမ်းကြောင်း NCA လက်မှတ်ရေးထိုးရေး ဒီကိစ္စတွေ ဟာ အင်မတန်ရှုပ်ထွေး၊ အင်မတန်မှလည်း လေးနက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ မတူကွဲပြားမှု၊ အဖွဲ့အသီးသီးရဲ့ စဉ်းစားမှု မတူညီလို့ အခုအထိ ကျနော်တို့ တစ်စုတစ်စည်းတည်း အပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ခဲ့တာဖြစ် ပါတယ်။”
လက်မှတ် မထိုးနိုင်ခြင်းမှာ တစ်ဘက်တွင်လည်း အစိုးရမှာ တာဝန်ရှိသည်ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောသည်။
“မလုပ်နိုင်ခဲ့တာလည်း အစိုးရပေါ်မှာလည်း မူတည်တယ်။ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အားလုံး သိတဲ့အတိုင်း နှစ်ခုဖြစ်နေပါတယ်။ တစ်ခုတည်းမဖြစ်လို့ ဆွေးနွေးရာမှာ တော်တော်ပဲ မပြေမလည်ဖြစ်ပြီး တော့ အခက်အခဲ ပေါင်းစုံကို ကျော်ဖြတ်နေရတာ ဖြစ်တယ်။”
ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုင်းရင်းသားများအကြား တကွဲတပြား ဖြစ်နိုင်သည့် အခြေအနေများကို သတိထားရန်လည်း တိုက်တွန်းသွားသည်။
တိုင်းရင်းသားများတွင် NCA အတိုင်း သွားပါက မဖြစ်နိုင်တော့ဘူးဆိုသည့် ခံစာချက်များ၊ NCA အပေါ် ရှုပ်ထွေးမှုများ ရှိလာသလို အစိုး ရ အဆက်ဆက်ကလည်း တိုင်းရင်းသားများအကြား တကွဲတပြား ဖြစ်စေရန် လုပ်ဆောင်မှုများ ရှိနေသည်ဟု ပြောသည်။
လက်ရှိ နိုင်ငံရေးအပြောင်းအလဲအရ ရရှိလာသည့် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး NCA ၏ ကောင်း ကျိုးဆိုးကျိုးများကို ချင့်ချိန်ကာ ဆွေးနွေးမှုများကို ပြုလုပ်သင့်သလို၊ ပြည်နယ်များကို အခြေခံကာ ဖွဲ့စည်းထား သည့် ဖက်ဒရယ်ကို အခြေခံထားသည့် ၁၉၄၇ ပင်လုံ စာချုပ် အတိုင်း နိုင်ငံရေး ဆွေးနွေးသင့် ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ဒုတိယအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
“အဲဒါမို့လို ကျနော်တို့အနေနဲ့ NCA ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ချင့်ချိန်ပြီး တွက်ကြည့်ရမယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ NLD အစိုးရတက်လာတာပေါ့။ သူတို့က ပြည်သူ ကနေ ရွေးချယ်ပြီး တက်လာတဲ့ အစိုး ရဖြစ်ပါတယ်။ နိုင်ငံတကာ အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အရပ်သား အစိုးရအနေနဲ့ ရပ်တည်နေပြီ။ တကယ်တမ်းလက်တွေ့ကျတော့ စစ်အစိုးရကပဲအာဏာကို ဆုပ်ကိုင်ထား တာ တွေ့ရတယ်။ အဲဒါကို ချုပ်ပြီး ကြည့်မယ်ဆိုရင် ဒီအချိန်မှာ အစိုးရ နှစ်ရပ် ရှိနေတယ်လို့ ပွင့်ပွင့်လင်းလင်း မြင်နိုင်ပါတယ်။ အဲဒါ ကျနော်တို့ ပြန်ပြီး ချင့်ချိန်ကြည့်မယ်ဆိုရင် ပြည်သူအစိုးရနဲ့ စစ်အစိုးရကို ကျနော်တို့က ဘယ်သူ့ကို ပိုပြီး ပူးပေါင်းလုပ် ဆောင်မလဲဆိုတာ စဉ်းစားရမယ်။” ဟု သဘာပတိ တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ် က အခမ်းအနားဖွင့်ပွဲတွင် ပြောသည်။
လက်ရှိ တရုတ်နယ်စပ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အနေအထားများနှင့် ပတ်သက်၍လည်း အခြားသော တိုင်းရင်းသား အဖွဲ့များထံမှ အကြံဉာဏ်များပေးရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တောင်းခံသွားသည်။
” ဒေသန္တရအရလည်း ကျနော်တို့ အခုချိန်မှာဆိုရင် မဖြစ် မနေ မြောက်ပိုင်းအဖွဲ့ဟာလည်း စုစည်းရမယ့် အခြေအနေမှာ ရောက်နေပါတယ်။ မစုစည်းလို့ရှိရင် ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ အဖွဲ့အစည်း အချင်းချင်းထဲမှာလည်း မတူကွဲပြားမှု ရှိပြီးတော့ တဖွဲ့နဲ့တဖွဲ့ ခိုက်ရန် ဖြစ်မှု ဒါတွေလည်း မလွဲမရှောင်သာ ဖြစ် လာမယ့် အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် မြောက်ပိုင်းအခြေ အနေကို အားလုံးက နားလည်ပြီး အကြံ ကောင်း ဉာဏ်ကောင်းပေးကြဖို့ကိုလည်း အားလုံးကိုနှိုးဆော်အပ်ပါ တယ်။”
အဆိုပါ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးသို့ ကရင်အမျိုး သားအစည်းအရုံး (KNU) အနေဖြင့် ညီလာခံ ကျင်းပနေသည့်အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတွင် အမျိုးသား ကာကွယ်ရေးဆိုင်ရာ အခြေခံမူများ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ JMC ဆိုင်ရာ ကိစ္စရပ်များ၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။