NCA နောက်ပိုင်း လူ့အခွင့်အရေး၊နှင့် ဥပဒေစိုးမိုးရေး အခြေအနေများ ဆုတ်ယုတ်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ရှမ်းပြည်နယ်အတွင်း မကြာသေးမီနှစ်ပိုင်းများအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေများ ဆုတ်ယုတ်ပျက်စီးလာနေသည်ဟု ရှမ်းပြည်နယ် အခြေစိုက် အမျိုးသမီး အဖွဲ့များက ပြောလိုက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အခြေအနေများပိုမို ဆိုးရွားလာနေခြင်းဖြစ်ကြောင်း လားဟူအမျိုးသမီးအဖွဲ့အစည်း (LWO)၊ ပအိုဝ်းအမျိုးသမီး သမဂ္ဂ(PWU)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)၊ နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့က အောက်တိုဘာလ ၁၀ ရက်နေ့ က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
NCA လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်ခဲ့သော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး အတွက် တစုံတရာ အထောက်အကူမပြုပဲ ပဋိပက္ခတွေသာ ပိုပြီး တိုးပွားလာနေပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေခြင်းများ၊ လူမျိုးရေးမှန်းတီးမှုများ၊ နေရပ် စွန့်ခွာထွက်ပြေးနေရမှုများ ပိုမိုများပြားလာနေသည်ဟု ဒေသအတွင်းရှိ တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်းများ က ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့ (TWO) မှ တွဲဘက်အထွေထွေအတွင်းအရေးမှူး-၂ လွေးကုကုက “NCA ထိုးပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းဖြစ်တဲ့ TNLA နဲ့ RCSS တို့အကြား တိုက်ပွဲတွေဖြစ်လာ တယ်။ အင်အားတွေတိုးချဲ့လာတယ်။ ပစ်ခတ်မှုတွေ များလာတယ်။ အစိုးရစစ်တပ်နဲ့လည်း တိုက်ပွဲဖြစ်တယ်၊ တိုင်းရင်းသားအချင်းချင်းလည်းဖြစ်တယ်။ ဒီဒဏ်တွေကို ပြည်သူလူထုတွေက အများကြီးခံစားနေရတယ်” ဟု ပြောသည်။
ယခုနှစ် ဇူလိုင်လမှ စတင်ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားလျှက်ရှိပြီး တိုက်ပွဲများမှာ သြဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလဆန်းအထိ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ သုံးထောင်ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည်ဟု ဆက်ပြောသည်။
“ဇူလိုင်ရဲ့ နောက်ပိုင်းကစပြီး နှစ်လ သုံးလအတွင်း ဒေသခံတွေ ၂၀၀၀ ကျော်၊ ၃၀၀၀ စစ်ရှောင်နေရတာတွေ ရှိတယ်။ နောက်ပြီး ရှောင်လိုက်ပြန်ပြေးလိုက်နဲ့ ပြန်လာလိုက်၊ ပြန်ထွက်ပြေးလိုက်နဲ့ အဲ့လို အကြိမ်ကြိမ် ပြေးလွှား နေရတာတွေကလည်း တိုးတိုးလာတယ်။ ဒါတောင်မှ ဒီနှစ်လ သုံးလအတွင်းမှာပဲနော်” ဟု လွေးကုကု က ပြော သည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း အစိုးရတပ်မတော်၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များစသည့် လက်နက်ကိုင်များ ရှိနေခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနည်းတူ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကို ဒေသခံပြည်များ ခံစားနေရသည်ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂမှ အမှုဆောင် ဒါရိုက်တာ နန်းဇင်နွယ် က ပြောသည်။
“ကျမတို့ ရှမ်းပြည်နယ် တောင်ပိုင်းမှာကျတော့ လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်နယ်မြေတွေက ရောနေတဲ့ ပုံစံမျိုးတွေလည်းရှိတယ်။ အဲ့ဒီမှာမှ ပြည်သူ့စစ်တွေလည်းရှိတယ်။ အဖွဲ့တွေအချင်းချင်းကြားမှာ တင်းမာမှုတွေရှိတယ်။ တချို့ကျတော့လည်း လူမျိုးရေးနဲ့ ပတ်သက်ပြီး အစွဲတွေရှိတဲ့အခါကြတော့ ဥပမာ ပအို့ဝ်ဒေသမှာရှိတဲ့ ပအို့ဝ်ရွာသူရွာသားတွေကို တခြားပြည်သူ့စစ်အဖွဲ့တွေကနေ ရှမ်းပြည်သူ့စစ်အဖွဲ့တွေကနေ လာပြီး ခြိမ်းခြောက်တာတွေရှိတယ်။ တချို့ဆိုရင် အကြမ်းဖက်မှုတွေရှိတယ်။ အမျိုးငယ်တွေကို rape လုပ်တာ(မုဒိန်းကျင့်တာ)တွေရှိတယ်။” ဟု ပြောသည်။ “ပြီးခဲ့တဲ့ နှစ်လက မောက်မယ်မှာဖြစ်ခဲ့တယ် ရွာသားတွေကို အစိုးရတပ်မတော်ကနေပြီးတော့ ဖမ်းဆီးပြီး ရိုက်နှက်တယ်။ သူပုန်တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ နားရွက်တွေဖြတ်တယ်ဆိုတာမျိုး သတင်းမီဒီယာတွေမှာ ပါနေတယ်။” ဟု နန်းဇင်နွယ်က ဆက်ပြောသည်။
ထုတ်ပြန်ချက်ထဲတွင် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲ အကျိုးဆက်များအနေဖြင့် ဒေသခံ ပြည်သူ သောင်းနှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်း၊ လက်နက်ကိုင်အဖွဲ့များ၏ အတင်းအဓမ္မ္မ စစ်အင်အား စုဆောင်းခံနေရခြင်း၊ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံနေရခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်းများ ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။
“NCA လက်မှတ်မထိုးခင်က တိုင်းရင်းသားတွေ အားလုံးက ယေဘုယျအားဖြင့်တော့ ဘုံရည်မှန်းချက်တူကြတယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူရေးကိစ္စတွေကို တူတူဝိုင်းပြီးပြောကြတယ်။ အခု NCA ထိုးပြီးနောက်ပိုင်းမှာ ကျတော့ ထိုးတဲ့အဖွဲ့တွေရှိတယ် မထိုးတဲ့အဖွဲ့တွေရှိတယ်။ အဲ့ဒီရဲ့ ကြားထဲမှာ မတူညီတဲ့ လိုလားချက်တွေ အကျိုးစီးပွားတွေကလည်း ရှိလာတယ်။” ဟု နန်းဇင်နွယ် က ဆက်ပြောသည်။
ရှမ်းပြည်အတွင်းရှိ ဒေသခံများကြုံ့တွေ့ နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ နစ်နာဆုံးရှုံးမှုများ အပြင် သတ်ဖြတ်ခံနေရမှုများအတွက် တရားခံလက်သည်မပေါ်သလို သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့်လည်း ဥပဒေကြောင်းအရ တစုံတရာ ဖြေရှင်းပေးမှုများ မရှိဟု အမျိုးသမီးအဖွဲ့များက ထောက်ပြသည်။
“အထူးသဖြင့် ရွာသားတွေဆိုရင် လက်နက်ကိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်တာကို ခံနေရတာ၊ ရွာထဲကိုဝင်ပြီး ရန်သူ သတင်းကိုမေးတာမျိုးတွေ၊ ပြီးရင် ရွာသားတွေရဲ့ ပစ္စည်းတွေကို ဝင်ရောက်ရှာဖွေတဲ့ဟာတွေ၊ ဖျက်ဆီးတာတွေ၊ ရိုက်နှက်မေးမြန်းတာတွေ ဖြစ်တယ်။ အဲ့ဒါအပြင် သွားလာမှုတွေ ပိတ်ပင်တာတွေ၊ ဝင်ရောက်သတ်ဖြတ်တွေ၊ နှိပ်စက်တာတွေ ဖြစ်နေတယ်။” ဟု လွေးကုကုက ပြောသည်။ “နောက်တစ်ခု Land Mine ပေါ့၊ မိုင်းထိတာတွေ၊ လက်နက်ကြီးကျည်ထိတာတွေပေါ့၊ အပြစ်မဲ့ရွာသားတွေ သေသွားတာမျိုး၊ ကလေးတွေထိတာမျိုးတွေလည်းရှိတယ်။ ခံနေရတယ်”
ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသူသည့် အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီး ဘေးကင်းလုံခြံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဆိုပါလုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ကြရန် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသမီး အဖွဲ့များက တိုက်တွန်းပြောဆိုထားသည်။