ကျူးကျော်ငါးဖောင်များကို ဦးစွာ အရေးယူမည်ဟု မွန်အစိုးရပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်။

တရားမဝင် ငါးဖမ်းနေမှုများကို အရေးယူဆောင်ရွက်ရာတွင် မွန်ပြည်နယ် ရေပိုင်နက်အတွင်း ဧရာဝတီတိုင်း ဒေသကြီးမှ ကျူးကျော်နေသော ကျားဖောင်လုပ်ငန်းများကို ဦးစွာ အရေးယူ ဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့က ပြောသည်။

ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက “မိမိတို့ ရေပိုင်နက်အတွင်း ဝင်ရောက်ကျူးကျော်နေတဲ့ ဧရာဝတီကျားဖောင်ကိစ္စကို ကိုယ်တွယ်ဆောင်ရွက် သွားမယ်” ဟု ပြောသည်။

တရားမဝင် ငါးဖမ်းနေမှုများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ပင်လယ်ပြင်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးနိုင်ရန် တပ်မတော်ရေနှင့် ပူးပေါင်းဆောက်ရွက်သွားရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့က အရှေ့ တောင်တိုင်းစစ်ဌာနချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ပြည်နယ် အစိုးရ ကပြောသည်။

မွန်ပြည်နယ် ပင်လယ်ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းနေသည့် ကျားဖောင်များရှိနေသည် ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများနှင့် ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်များ က ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၂၂ နှင့် ၂၃ ရက်နေ့က မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ ချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့သည် မွန်ပြည်နယ် ငါးဖမ်းကွက်သို့ သွား ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ငါးဖမ်းကွက် ၃ ကွက်မှာပင် ကျားဖောင် ၁၂၀၀ ကျော်ရှိနေသည်ကို စစ်ဆေးတွေ့ ရှိရသည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထို့အပြင် အထောက်အထားတစ်စုံတစ်ရာမရှိပဲ ဧရာဝတီတိုင်းဒေသကြီးမှ မွန်ပြည်နယ် ရေပိုင်နက်ထဲ ကျော် လွန်လုပ်ကိုင်နေကြသည့် အင်္ဂလန်ကျားဖောင် ၁၀၀၀ ကျော် လုပ်ကိုင်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိထား သည်။

မွန်ပြည်နယ်ရေပိုင်နက်အတွင်းက တရားမဝင်ငါးဖမ်းလုပ်ငန်းကိစ္စ စသဖြင့် အဆင့်ဆင့် ကိုယ်တွယ် ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးထွန်းဌေး ကပြောသည်။

ချောင်းဆုံမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က “တရားမဝင် ငါးဖမ်းနေတာ က သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့လည်းမညီဘူး။ ကိုယ့်ရဲ့ ရေသယံဇာ တလည်း ပျက်စီးဆုံးရှုံးတယ်။ နိုင်ငံတော် အတွက်လည်း ငွေမဝင်ဘူး တရားမဝင်စေခိုင်းမှုတွေကလည်း တောက်လျှောက်ရှိနေတယ်။ ဒါကြီးက အံ့ုနဲ့ ကျင်းနဲ့ ဖြစ်နေတဲ့ကိစ္စကို ကျနော်တို့က တနည်း နည်းနဲ့တော့ သက်ဆိုင်ရာ အစိုးရအဖွဲ့ ပြည်နယ်ဖြစ်ဖြစ် ပြည်ထောင်စုဖြစ်ဖြစ် action တစ်ခုတော့ လုပ်ဖို့လိုတယ်လို့ ယူဆတယ်” ဟု ပြောသည်။

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ကမ်းဝေးငါးဖမ်းလုပ်ကွက်များတွင် ခွင့်ပြုလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ဂရံကြီး လှေ ၉ စီးအပါအဝင် ငါးဖမ်းလှေ ၃၂၀ စီးရှိသည်။ ပင်လယ်ပြင် ၁၀ မိုင်အထိသာ လုပ်ကိုင်ခွင့်ရှိသည့်၊ ပြည် နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကမ်းနီးငါးဖမ်းလှေ စုစုပေါင်း ၁၂၄၄ စီးရှိသော်လည်း

လက်တွေ့တွင် သတ်မှတ်ထားသည့် လှေအစီးရေထက် လှေအစီးပေါင်းများစွာနှင့် လိုင်စင်မဲ့လုပ်ကိုင်နေကြသည်ဟု ဒေသအတွင်းက လွှတ်တော်ကိုယ်စားလှယ်များ က ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၅ ကြိမ်မြောက် အစည်းအဝေး၌လည်း တရားမဝင် ငါးဖမ်းလှေများကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှုရှိခဲ့သည့် အပြင် ငါး ဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သားများ လူကုန်ကူးခံရမှု လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ မရှိစေရေး စီမံ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုလည်း လွှတ်တော်က အတည်ပြုထားသည်။