ရှားတောတွင် တပ်မတော်နှင့် KNPP ပစ်ခတ်မှုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် တပ်မတော်တို့ ရှားတောမြို့နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ သည်။
မေလ ၁၆ ရက်နေ့က ရှားတောမြို့နယ် အလယ်ပိုင်းကျေးရွာအုပ်စုအတွင်းရှိ လမ်းမပေါ်တွင် တပ်မတော် နှင့် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သည် ဟု ပစ်ခတ်မှု ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည့် ရှားတောမြို့နယ် KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူးဘိုးရယ် က ပြောသည်။
“ဖြစ်ဖြစ်ချင်း ကျနော်လိုက်သွားကြည့်တယ်ခင်ဗျာ။ ၂ နာရီလောက်မှာ ကျနော်တက်သွားတော့ နည်းနည်း လေးတော့ အဆက်အသွယ်ရတယ်။ KNPP တပ်ဖက်က တိမ်းရှောင်သွားတဲ့ အနေအထား ကျနော် အဆက် အသွယ်ရတော့ ဒါက သူတို့တပ်ချိန်းတာပေါ့ဗျား။ တပ်ချိန်းတော့ လာမယ့် အသစ်တစ်ဖွဲ့က လူမှားမှာစိုးလို့ နေရာမှားမှာဆိုးလို့ဆိုပြီး အချက်ပြပစ်လိုက်တဲ့ သဘောပဲ ကျနော်တို့ KNPP တပ်ကပစ်တာပါ။”
တပ်ပြောင်းလာသည့် တပ်မတော်ဖက်မှ ခလရ ၅၃၈ တပ်ရင်းကို ၎င်းတို့မှ ခြောက်လန့် ပစ်ခတ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါ ပစ်ခတ်မှုမှာ ရှားတောမြို့နယ်၏ မြောက်ဖက် ၅ မိုင်ခန့်ရှိ ရှားတော-တင်လွယ် လမ်းမကြီးပေါ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ခူးဘိုးရယ်က ပြောသည်။
ပစ်ခတ်မှုဖြစ်ချင်း ရှားတောမြို့နယ်ရှိ တပ်မတော် အမှတ် ၂ စစ်ဗျူဟာမှူးက ၎င်းအား ခေါ်ယူ တွေ့ဆုံမေး မြန်းကာ အပြစ်တင်ပြောဆိုမှုများရှိသော်လည်း နှစ်ဖက်တင်းမာမှု တစ်စုံတစ်ရာ မရှိခဲ့ဟု KNPP ရှားတော့ ဆက်ဆံရေးရုံး တာဝန်ခံ က ပြောသည်။
ထို့အပြင် ထိုပစ်ခတ်မှုအတွင်း လမ်းလုပ်သားတစ်ဦးသေဆုံးခဲ့သည်ဟု ရှားတောမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက RFA သတင်းဌာနကို ပြောဆိုထားသော်လည်း KNPP အနေနှင့် လူ အသေ အပျောက်မရှိ ဟု ဆိုသည်။
“ဖြစ်ဖြစ်ချင်း ကျနော်ကို ဝိုင်းမေးကြတယ်။ တစ်ယောက် သေတယ်လို့ တစ်ချို့က သတင်းမီဒီယာတွေက မေးလာတော့ ကျနော် ပြန်လည်စုံစမ်းကြည့်တော့ အသုဘ အခမ်းအနားတို့ ရှိတာ ကျနော် မတွေ့ရဘူး လေ။ အဲဒီတော့ လူအသေအပျောက်ရှိတယ်လို့ ကျနော် ပြောလို့မရသေးဘူး ခင်ဗျာ” ဟု ခူးဘိုးရယ် က ပြောသည်။
လက်ရှိအနေအထားအရ COVID- 19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် နှစ်ဖက် အဖွဲ့ အစည်းများအနေဖြင့် ပြည်သူများကို စိုးရိမ်မှု ထပ်မံဖြစ်ပေါ်စေသည့် အပြုအမှုများကို မလုပ်ဆောင်ပဲ မိမိတို့ သဘောတူ လက်မှတ်ရေးထိုးထားသည့် ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ဆိုင် ရာ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ကရင်နီအမျိုးသမီးအဖွဲ့မှ မမီးမီးက တိုက်တွန်းသည်။
“ကျနော်တို့က အခုလိုမျိုး အချိန်မှာပေါ့ ဒီ COVID- 19 လည်း ဖြစ်လို့ လူထုတွေက စိုးရိမ်မှုတွေ ရှိနေတဲ့ အချိန်မှာ နောက်တစ်ဖက်ကနေ လူထုတွေ မလုံခြုံမှုတွေ ခံစားနေရတာမျိုးတွေတော့ မဖြစ်စေချင်ဘူးပေါ့ နော်။ နောက်ဒီဖက်ကနေ တိုက်ပွဲကြောင့် စစ်ပွဲကြောင့် မလုံခြုံမှုတွေ ခံစားရတာကို မဖြစ်စေချင်ဘူး ဆို တော့ ဘာပဲဖြစ်ဖြစ် ဒီ ၂ ဦး ၂ ဖက်ကြားထဲမှာ Bilateral Agreement ရှိတယ်လေ။ အဲဒါတွေကို ၂ ဦး ၂ ဖက်က လိုက်နာကြရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့နော်။”
ဖရှုဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကလည်း ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် နှစ်ဖက်တပ်များ အနေဖြင့် ပစ်ခတ်မှု မဖြစ်ပွားအောင် ထိန်းသိမ်းရန် လိုသည်ဟု ပြောသည်။
“ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလမှာ နှစ်ဖက်စလုံး နည်းနည်းလေး အပြန်အလှန် တိုင်ပင် ဆွေးနွေး ပြီးမှ သွားလာလို့တော့ ပိုပြီးတော့ အဆင်ပြေတယ်လို့ ကျနော်ကတော့ အဲလိုယူဆတာပေါ့နော်။ ဒီလိုဖြစ် တယ် ဆိုတာကတော့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့တွက် တကယ်လို့ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို တကယ်သွားချင်တယ်။ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်တယ်ဆိုရင်တော့ ထိန်းထိန်းသိမ်းသိမ်း တော့ ရှိနေဖို့လိုတယ်။ ပြဿနာ အခုဖြစ်သွားတဲ့ကိစ္စ အပေါ်မှာလည်း နှစ်ဖက်စလုံး အပြန်အလှန် တိုင် တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ အဆင်ပြေအောင်တော့ လုပ်စေချင်တာပေါ့” ဟု ပြောသည်။
KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် ပြည်နယ်အဆင့် ပဏာမ အပစ်ခတ်ရပ်စဲရေးနှင့် ဇွန်လ (၉) ရက်နေ့တွင် ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် တိုင်းရင်း သား လက်နက် ကိုင်အဖွဲ့အစည်းဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အနေဖြင့် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းနေသော်လည်း လက်ရှိ မြေပြင်အနေအထား အရ ပြည်နယ်ထဲတွင် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များနှင့် NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များ၏ တစ် ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေများသည် KNPP အား NCA စာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို နောက်ဆုတ်စေသည် သာမက အဟန့်အတား နှင့် စိန်ခေါ်မှုများကို ဖြစ်စေသည် ဟု KNPP က ဆိုသည်။