အိန္ဒိယမှ ပြန်လာသူများအတွက် သီးခြားခွဲထားရေး ချင်းပြည်နယ် စီစဉ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

အိန္ဒိယနိုင်ငံသည် COVID -19 ရောဂါ ကူးစက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံတွင် ပါဝင်နေသည့် အတွက် နယ်စပ်ချင်းထိစပ်လျက်ရှိသည့် ချင်းပြည်နယ်တွင် အစိုးရအနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေသည်ဟု ပြည်နယ်အစိုးရ က ပြောသည်။

ထို့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှ ပြန်လာမည့်သူများ အနေဖြင့် တရားမဝင် ခိုးပေါက်များမှ ပြန်လာခြင်းမျိုး မဟုတ်ပဲ တရားဝင် နယ်စပ်ဂိတ်များမှ ပြန်ဝင်လာပေးရန် ချင်းပြည်နယ် အစိုးရ၊ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်း မင်ထန် က ပြောသည်။

“အိန္ဒိယ မှာ ဆိုရင် အခုက တော်တော် Hot ဖြစ်သွားတော့ ချင်းပြည်နယ်က အိန္ဒိယနဲ့ နယ်စပ် ထိစပ်တော့ စိန်ခေါ်မှု အများကြီးရှိနေတယ်။ လမ်းမကြီးတွေတော့ အိန္ဒိယက စစ်သားတွေက ပိတ်ထားတယ်။ ဒါပေမယ့် ဘေးက လမ်းတွေ အပေါက်တွေကနေ ဝင်လာရင် မသိမှာစိုးရိမ်ရတယ်။ အဲ့ကြောင့် အုပ်ချုပ်ရေးမှူးတွေ ကိုယ့်ရွာသားပဲဖြစ်ဖြစ် အပြင်လူပဲဝင်လာဝင်လာ အိန္ဒိယဘက်ကနေ ဝင်လာရင် Quarantine အားလုံးကို အကူအညီတောင်းထားတယ်။” ဟု ဦးပေါင်လွန်း မင်ထန်က ပြောသည်။ “အဲ့လိုမျိုးမလုပ်ပဲနဲ့ ခိုးဝင်လာရင် ရောဂါကူးကုန်မှာပေါ့နော်။ ဒါက အကြောက်ဆုံးပဲ။”

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၁၀၀) ကျော်ရှိပြီး ၎င်းတို့ပြန်လာပါက သီးခြား ခွဲထား နိုင်ရေး ကြိုတင်ပြင်ဆင်နေသည်ဟု ချင်းပြည်နယ်အစိုးရအဖွ့ဲ က ပြောသည်။

အိန္ဒိယနိုင်ငံသည့် ကမ္ဘာ့နိုင်ငံများထဲတွင် COVID-19 ကူးစက်မှုနှုန်း မြင့်မားသည့် နိုင်ငံတစ်တစ်နိုင်ငံဖြစ်ပြီး ကူးစက်မှုနှုန်း အဆင့် ၄ ရှိ နေသည်။ ထို့ကြောင့် သီးခြားစောင့်ကြည့်မှုလုပ်ငန်းစဉ်များကို အထူးကြပ်မတ် ဆောင်ရွက်နေရခြင်း ဖြစ်သည် ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ က ပြောသည်။

အိန္ဒိယနိုင်ငံတွင် ပိတ်မိနေသူများ မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာပါက ချင်းပြည်နယ်၊ ကျီခါးမြို့ နှင့် ရိဒ်မြို့တို့တွင် လက်ခံသွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် နေရာများတွင် သီးခြားစောင့်ကြည့်မှု (Quarantine centers) များ ထားရှိမည်ဟု ဝန်ကြီး ဦးပေါင်လွန်းမင်ထန် က ဆက် ပြောသည်။

“ချင်းပြည်နယ်မှာတော့ ရိဒ်နဲ့ကျီခါးကနေ လက်ခံဖို့ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ကျီခါးမှာကျတော့ နယ်စပ်အဝင်၊ ခင်မန့်ရွာမှာ နယ်စပ်ဌာနေဂိတ်ပြန်လုပ်ပြီးတော့ အဲဒီမှာ လက်ခံရေး စခန်းလုပ်မယ်။ ခင်မန့် မှာ လက်ခံ ပြီးတော့မှ ကျီခါးမှာ အားကစားရုံရှိတယ်။ အဲမှာ အခန်းတွေဖွဲ့ ပြီးတော့မှ ထားနိုင်အောင်လုပ်နေတယ်။ အခု အခန်းတွေ ကာနေတယ်။ ရိဒ်ကတော့ အဆင်ပြေပြီးသားပေါ့နော်။”

ကျီခါးမြို့သည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင်ပါဝင်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့်မြို့ တစ်မြို့ ဖြစ်သည်။

အိန္ဒိယနိုင်ငံမှပြန်ရောက်လာသူများ ကျီခါးမြို့ နှင့် ရိဒ်မြို့တွင် သတ်မှတ်ထားသည့် နေရာမလုံလောက်ပါက ချင်းပြည်နယ်ရှိ အခြားမြို့ များတွင်လည်း လက်ခံထားရှိသွားမည်ဟု ဦးပေါင်လွန်းမင်ထန် က ဆက်ပြောသည်။

အိန္ဒိယနိုင်ငံ သံရုံးမှ စာရင်းများအရ မြန်မာနိုင်ငံသို့ ပြန်လာရန် စာရင်းပေးထားသူ (၁၉၆)ဦး ရှိပြီး ဟုလည်း သိရသည်။ ပိတ်မိနေသူများသည် အိန္ဒိယ နိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်သွားသူများနှင့် ကျမ်းစာကျာင်းသားများ ဖြစ်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ ပြန်လာရန် စာရင်းပေးထားသူများအနေဖြင့် လက်ရှိချိန်တွင် နေထိုင်စားသောက်ရေးအတွက် အခက်အခဲများကြုံနေရသလို ပြန်လာမည့်ရက်ကိုလည်း တိကျစွာမသိရှိရသေးဘူးဟု ဝန်ကြီး က ဆက် ပြော သည်။

“ကျနော်တို့က ပြည်ထောင်စုကို တင်ပြထားတဲ့အခါကျတော့ သူတို့က ဘယ်အစီအစဉ်နဲ့လာမယ်ဆိုတာကို မသိ သေးဘူး။ အိန္ဒိယဘက်ခြမ်းရဲ့အခြေအနေနဲ့ဆိုင်တယ်။ အိန္ဒိယဘက်က တရားဝင်မလုပ် ပေးနိုင်ဘူး။ စေတနာ့ ဝန်ထမ်းပုံစံပေါ့ သူတို့ကအဲဒါနဲ့ပဲ ပို့နိုင်တဲ့အခါကျတော့ အချိတ်အ ဆက်လုပ်တဲ့ အခါနည်းနည်း အခက် ရှိ တယ်။”

မေလ ကုန်ပိုင်းတုန်းက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်အတွင်းပြန်လာသူ (၄၉) ဦး အနက် (၁၆) ဦးမှာ အသွားအလာ ကန့်သတ်ကာလ ပြီးဆုံးသဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်နေထိုင်လျက်ရှိပြီး ကျန် (၃၃) ဦး မှာ COVID-19 ရောဂါစစ်ဆေးမှု အဖြေ မသိရှိရသေးသဖြင့် ဖလမ်းမြို့ရှိ (Quarantine center) တွင် ရှိနေသေးသည်ဟု လူမှုရေးဝန်ကြီး ဦးပေါလွန်းမင်တန် က ပြောသည်။

ဇွန်လ (၁၈)ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးဆက်ခံထားရသူ (၂၆၃)ဦး၊ ကုသမှုခံယူပြီး ရောဂါပျောက်ကင်းစင်လာသူ (၁၈၅)ဦး နှင့် COVID-19 ရောဂါကြောင့် သေဆုံးသူ(၆)ဦး ရှိပြီ ဖြစ်သည်။