ဂျပန်တောင် တူးဖော်ထားသည့်နေရာတွင် အမျိုးသမီး ၄ ဦး ရေနစ်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်စစ်စခန်းအဖြစ် အသုံးပြုခဲ့သည့် မိန်ဘလာတောင် (ဒေသအခေါ် ဂျပန်တောင်) တူးဖော်ထားသည့်နေရာတွင် မိန်းကလေး ၃ ဦးနှင့် အမျိုးသမီးကြီး ၁ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာအုပ်စု အောင်ကုသိုလ်ရပ် ဓမ္မဂရုဏာ ဘုန်ကြီး ကျောင်း၌ ကပ္ပိယအဖြစ်နေထိုင်သူ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးနှင့် အဆိုပါကျောင်းသို့ မွန်စာပေ လာရောက်သင်ကြားနေသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေး ၂ ဦး၊ အသက် ၁၁ နှစ်အရွယ် မိန်းက လေးတစ်ဦးတို့ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျပန်စစ်ကျန်ပစ္စည်း တူးဖော်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် လူထုအကြား ဝေဖန်ပြောဆိုစရာဖြစ်ခဲ့ပြီး ယခုအခါ လူ့အသက်အန္တရာယ်ပါ ရှိလာသည့်အပေါ် ဝေဖန်ပြောဆိုမှု ပိုမိုမြှင့်တက် လာခဲ့သည်။

“ဒီတူးဖော်မှုတစ်ခုလုံး ရှုပ်ထွေးနေတယ်၊ ဘာကို တူးလို့တူးနေမှန်းကိုမသိဘူး ရှေးဟောင်းပစ္စည်းတူးတာလား ရတနာသိုက်တူးတာလား ဂျပန်စစ်ကျန်ပစ္စည်းတူးတာလား ပြီးတော့ ဘယ်သူက တာဝန်ယူ တူးနေသလဲ ကုမ္ပဏီကတူးတယ်ပြောတယ် အဲဒါလဲ မရှင်းလင်းဘူး မြေကိစ္စဆိုလည်း မရှင်းဘူး ပြောရမယ်ဆိုရင် တူးဖော် မှုတစ်ခုလုံးက ဘာတစ်ခုမှ ရှင်းလင်းမှုမရှိဘူး စနစ်မကျနေဘူး” ဟု သံဖြူဇရပ်ဒေသခံ ဦးထွန်းမြင့်ကျော် က ပြောသည်။

သေဆုံးသူများ ဘုရားရှိခိုးချိန် ပြန်ရောက်မလာသည့်အတွက် လိုက်လံရှာဖွေရာမှ ထိုဂျပန်စစ်ကျန်ပစ္စည်းများ တူးဖော်ထားသည့် ရေကန်ကဲ့သို့ ဖြစ်နေသည့် မြေကျင်းနေရာတွင် အလောင်းများ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီး ၄ ဦးသေဆုံးမှုသည် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် အမှုမှန်ပေါ်ပေါက်နိုင်ရေး သေမှုသေခင်းဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်ဟု သံဖြူဇရပ်မြို့မ ရဲစခန်း တာဝန်ရှိသူက ပြောသည်။

မိန်ဘလာတောင် (ဂျပန်တောင်) တွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြုပ်နှံထားခဲ့သည့် ရတနာပစ္စည်း၊ စစ်ကျန်ပစ္စည်း၊ ရှေးဟောင်းပစ္စည်းများကို ရှာဖွေတူးဖော်ရန်ဟုဆိုကာ ရန်ကုန်အခြေစိုက် Royal Eagle Myanmar Development Group Co, Ltd. ကို ပြည်နယ်အစိုးရက ကနဦးစူးစမ်းလေ့လာခွင့် (တူးဖော်ခွင့်) ကို ၂၀၁၈ နှစ်ဆန်းပိုင်းမှ ၂၀၁၉ ခုနှစ်ကုန်ထိ ခွင့်ပြုပေးခဲ့သည်။

ထို့နောက် ကနဦးစူးစမ်းလေ့လာခွင့်ကို ပိတ်သိမ်းစေခဲ့ပြီး မြေပြင်တွင် ဆောင်ရွက်ထားရှိမှုများအား မူလ အတိုင်းဖြစ်အောင် ပြန်လည်ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုအတွက် သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် ပြည်နယ်အစိုးရအဖွဲ့က ကုမ္ပဏီကို အကြောင်းကြားခဲ့သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ဖေဖော်ဝါရီလအတွင်းက ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။

သို့သော်လည်း မြေပြင်တွင် ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာ လုပ်ဆောင်ပေးထားခြင်းမရှိပဲ တူးဖော်ထားသည့် အတိုင်း ပစ်ထားသည့်အတွက် ယခုအခါ အန္တရာယ်ရှိနေရာတစ်ခုဖြစ်လာသည်ဟု ဒေသခံများ က ပြောသည်။

“ကျင်းတွေက တော်တော်နက်တယ်။ တူးထားတာတွေကလည်း ဒီလိုပဲ လျှောက်တူး လျှောက်ကလော်ထားတဲ့ ပုံစံနဲ့ တူးထားတာ။ ကျဉ်းတွေလည်း တူးထားတယ်။ မြောင်းပုံစံတွေလည်း တူးထားတယ်။ တူးထားတာတွေက တော်တော်နက်တယ်။ အခုမိုးလည်းရွာလာတော့ ရေပြည့်လာတော့ ကန်လိုဖြစ်သွားတယ်။ နောက် မြေစာပုံ တွေကလည်း ပြိုလာနိုင်တယ်” ဟု ဦးထွန်းမြင့်ကျော်က ဆက်ပြောသည်။

မိန်ဘလောတောင် ဂျပန်စစ်ကျန်ပစ္စည်းများ တူးတော်မှုနှင့် ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ဥက္ကဌ အဖြစ်တာဝန်ယူထားပြီး “ဂျပန်ခေတ်စစ်လက်ကျန်ပစ္စည်းများ ရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက် ရေးကော်မတီ” တစ်ရပ် ဖွဲ့စည်းကာ ဆောင်ရွက်နေသည်ဟု ပြည်နယ်အစိုးရက လွှတ်တော် တွင် ပြောခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များ ဆုတ်ခွာသွားချိန် ၎င်းတို့၏ စစ်အသုံးအဆောင်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား မြောက်များစွာကို ထိုမိန်ဘလာတောင်တွင် မြုပ်နှံထားခဲ့ကြောင်းကို ပြောဆိုနေကြသော် လည်း ပစ္စည်းများ အမှန်တကယ် ရှိ မရှိနှင့် ပစ္စည်းများ၏ တည်ရှိရာနေရာ အစရှိသည့် အချက်အလက် များကို အတိအကျ မည်သူမျှ မသိရှိဘူးဟုလည်း ဒေသခံများ က ပြောသည်။