ကြံခင်း လျှပ်စစ်ရုံး ဗုံးခွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးကို ဧရာဝတီဒေါင်းတမာန် ပြည်သူ့ ကာ ကွယ်ရေးတပ်က ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်နှင့် ပူးပေါင်းကာ ပြည်သူများထံမှ လျှပ်စစ်မီတာခကို တိုးမြှင့်ကောက်ခံနေသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးတပ် သတင်းနင့်ပြန်ကြားရေး တာ ဝန်ခံ က ပြောသည်။
ဧရာဝတီဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးတပ် သတင်းနင့်ပြန်ကြားရေး တာ ဝန်ခံ ဗိုလ်ရွှေဒေါင်းက “ပြည်သူ တွေဆီက မီတာခတိုးမြှင့်ကောက်ခံတာတွေ၊ စစ်ကောင်စီနဲ့ပူးပေါင်း၊ လက်နက်ကိုင် ခြိမ်းခြောက် ပြီးတော့ မီတာ ပုံးတွေ ဖြုတ်သိမ်းတာတွေ လုပ်တယ်။ အဲဒါတွေ ဆက်မလုပ်ဖို့ သတိပေးတာ” ဟု ပြောသည်။
ကြံခင်းမြို့က အဆိုပါ လျှပ်စစ်အင်ဂျင်နီယာရုံးကို ဇူလိုင်လ ၁၃ ရက်နေ့၊ ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ဧရာဝတီ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြို့နယ်လျှပ်စစ်ရုံးအတွင်း ဗုံးပေါက်ကွဲအပြီး မိနစ်ပိုင်းအကြာတွင် ကြံခင်းမြို့ပေါ်ရှိ လမ်းများ၊ မြန်အောင် မြို့ နှင့် ဆက်သွယ်သည့်လမ်းအပြင် ဘိလပ်မြေစက်ရုံသို့သွားသည့် လမ်းမများကို စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ပိတ်ဆို့စစ်ဆေးမှူများလုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ ရှာဖွေမှုများ လုပ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံးမရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဧရာဝတီဒေါင်းတမာန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
သို့သော် ပြည်သူများက ဗုံးပေါက်ကွဲပြီးနောက် ၎င်းတို့အား ပုဒ်မမျိုးမျိုးတပ် စွပ်စွဲကာ ဖမ်းဆီးခံမည်ကို စိုးရိမ် နေကြသည်။
“အဲ့လို ဗုံးပေါက်ကွဲတာတွေဖြစ်ပြီဆိုရင် အပြစ်မဲ့ပြည်သူတွေကို ရမ်းသန်းပြီးဖမ်းတော့တာပဲ။ လူတိုင်းမှာ လုံ ခြုံမှု မရှိတော့ဘူး။ လူငယ်တွေက ပိုဆိုးတယ်။ အသွားအလာ အနေအထိုင် ဆင်ခြင်ဖို့လိုတယ်” ဟု အသက်(၆၅) နှစ် အရွယ်ခန့် မြို့မိမြို့ဖတစ်ဦး က ပြောသည်။
ဧရာဝတီ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (AYA – DAUNG TAMAN) ၏ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ များ ရွံရှာမုန်းတီးနေသ၍ မည်သို့မျှ ပြည်သူ့စစ်သားများ၊ ပြည်သူ့ရဲများ မဖြစ်နိုင်သည့်အတွက် ပြည်သူများထံ အလင်းဝင်ကြရန် သတိပေးထားသည်။