ကျောက်ကြမ်းပိုးများ ဈေးကောင်းရ၍ ပူတာအို ဒေသခံများ ဝင်ငွေတိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ဆောင်းရာသီရောက်လာသည်နှင့် တစ်ပြိုင် နက် ကျောက်ကြမ်းပိုးများ ပေါ်ထွက်လာပြီး ဒေသခံများ စျေးကောင်းဖြင့် ရောင်းဝယ်နေကြသည်ဟု ပြောသည်။

ပူတာအို ဒေသခံတစ်ဦးက “အရင်ကထက် အဆမတန်စျေး ကြီးလာတယ်။ အရင်တုန်းကဆို တစ်ဗူးကို အများ ဆုံး ၅၀၀ လောက်ပဲရှိတာ။ မနှစ်ကတော့ ၈၀၀၀-၁၀၀၀၀ ပေးရာကနေ ဒီနှစ်မှာတော့ ၁၀၀၀၀-၁၅၀၀၀ ထိပေး နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ (ကျပ်ငွေဖြင့် ဖြစ်သည်။)

ကျောက်ကြမ်းပိုးထွက်ချိန်တွင် လူကြီး၊ ကလေး၊ အမျိုးသား၊ အမျိုးသမီးပါ မကျန် မြစ်ဘေးတလျှောက်တွင် လိုက် ဖမ်းကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုမြို့၊ လုံစွတ်ရပ်ကွက်နေ ဒေသခံ အမျိုးသမီးတစ်ဦးက “ကလေးအမေကအစ အကုန်လုံး ဖမ်းကြတာ။ ပျော်ဖို့လည်းကောင်းတယ်။ တရုတ်တွေက ဟင်းထဲမှာ ထည့်စားတယ်လို့ ပြောတယ်။ ဒီနှစ်က စျေးပိုရတော့ ကျမတို့က တစ်အိမ်လုံး သွားဖမ်းကြတာ။ ကျောက်ကြမ်းပိုးမှာ အမည်းအကောင်က စျေးလည်း ပိုရတယ်” ဟု ပြောသည်။

ပူတာအို ဒေသထွက် ကျောက်ကြမ်းပိုးကို တရုတ်နိုင်ငံက အဓိကဝယ်ယူကြခြင်း ဖြစ်သည်။ ကျောက်ကြမ်းပိုး ၁ ပိဿာ လျှင် ပုံမှန်စျေးမှာ ကျပ် ၁၉၀၀၀၀ ရှိသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ကြမ်းပိုးများသည် ကချင်ပြည်နယ်ရှိ အအေးပိုင်းဒေသဖြစ်ကြသည့် ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များအတွင်းက မြစ်ချောင်း ကမ်းစပ်များ နံဘေးက ကျောက်တုံး၊ ကျောက်ခဲများအောက်တွင် ခိုအောင်းနေထိုင်ကြပြီး နှစ်စဉ် ဆောင်းရာသီတွင် အများဆုံးတွေ့ရသည်။

ကျောက်ဂျပိုးတွင် အကောင် အကြီးနှင့် အသေးဟူ၍ နှစ်မျိုးရှိသည်။ စျေးကွက်ထဲတွင် ယခုလက်ရှိ အသေးမျိုး ကို နို့ဆီဗူး တစ်ဗူးလျှင် အများဆုံး ကျပ် ၁၅၀၀၀ ရှိပြီး အကြီးမျိုး က ကျပ် ၁၀၀၀၀ ခန့် အထိ စျေး ရှိသည်။

သို့သော် ကျောက်ကြမ်းပိုး အရှင်မှာ ပို၍ စျေးကောင်းသည်။ ကျောက်ကြမ်းပိုးများ မသေအောင် အပေါက်လေးများ ဖောက်ထားသော ဗူးများတွင် ထည့်၍ ဖမ်းကြသည်။ ကျောက်ကြမ်းပိုးသည် နေမဝင်ခင် ညနေစောင်းချိန်တွင် ကမ်း စပ်တစ်လျှောက် ပျံဝဲလျက်ရှိရာ ကျောက်ကြမ်းပိုးဖမ်း ကိရိယာများဖြင့် ဖမ်းကြသည်။

“ကျောက်ကြမ်းပိုးဖမ်းတဲ့ ကိရိယာက ဝါးချောင်းပေါ့နော် အဲ့ဒီမှာ ဇာစကာလိုမျိုး ဟိုခြင်ထောင်လိုမျိုး အစလေ အဲ့ ဒါကို အိတ်ပုံစံမျိုးလေး အကွင်းလေးလုပ်ပြီး ထိပ်မှာ ချည်ထားတာ။ အဲ့ဒါနဲ့ ကျောက်ကြမ်းပိုးကို လိုက်ဖမ်းတာပါ။ ပျံလာတဲ့ဟာကို အဲ့ဒါနဲ့ အုပ်ပြီး ဖမ်းတာမျိုးပါ။ တချို့လည်း ဝါးတုတ်အရှည်မှာ ကတ်ထူစက္ကူလိုမျိုး နောက် ပြီး ဝါးကပ်လိုမျိုး တပ်ပြီး လိုက်ရိုက်ချပြီး ဖမ်းတာလည်း ရှိတယ်” ဟု ပူတာအိုမြို့၊ လေယာဉ်ကွင်းရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြောသည်။

နေဝင်ပြီးမှောင်သော အချိန်တွင် ကျောက်ကြမ်းပိုးများသည် ကျောက်တုံး ကျောက်ခဲများ အောက်တွင် ဝင်ရောက် ခိုအောင်းကြသောကြောင့် အလွယ်တကူ ကောက်ယူလို့ရသည်။

ကျောက်ကြမ်းပိုး၌ အမဲရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိပြီး အနံ့စူးရှသော အကောင်ငယ်လေးများ ဖြစ်သည်။

၎င်းကျောက်ကြမ်းပိုးများသည် အကြီးဆုံး လက်မဝက်ခန့်သာရှိသည်။ ကျောက်ကြမ်းပိုးများသည် ဆေးဖက်လည်း ဝင်ပြီး ဟင်းခတ်အမွှေးကြိုင်နှင့် စားသောက်ကုန်အဖြစ်လည်း အသုံးပြုကြသည်။

“အကောင်လိုက် ဆေးရည်စိမ်ပြီး သောက်တယ်။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေလည်း ဖယ်ပေးတယ်။ ကင်ဆာ ကာကွယ်ဆေး အဖြစ်လည်း အသုံးပြုတယ်” ဟု တရုတ်လူမျိုးများနှင့် အရောင်းဝယ် လုပ်သူ ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ကျောက်ကြမ်းပိုး၏ သေးရည်မှာ အန္တရာယ်များသည်။

“သေးရည် (အဆိပ်ရည်) က မျက်လုံးထဲ လုံးဝထိလို့မရဘူး။ မျက်လုံးထဲထိတာနဲ့ မျက်လုံးကန်းတာပဲ ပြီးရင် သူက ပီလောပီနံနဲ့လည်း မတည့်ဘူး” ဟု ဒေသခံ အမျိုးသားကြီးတစ်ဦး က ပြောသည်။

ကျောက်ကြမ်းပိုးကို ငရုတ်သီးထောင်း၍လည်းကောင်း၊ ဟင်းချက်၍ လည်းကောင်း စား၍ရသည်ဟု ကျောက်ကြမ်းပိုး လိုက်ဖမ်းသူများက ပြောသည်။

ကျောက်ကြမ်းပိုးဖမ်းသည့် ဒေသခံ အမျိုးသမီးတစ်ဦးက “ကျောက်ဂျပိုးရဲ့ အတောင်ပံနဲ့ သေးရည်ကို ယူထုတ်ပြီး ရင် ရေနွေးနဲ့ ၂ခါ၊ ၃ခါလောက် ဆေးရတယ်။ ပြီးရင် ဆား ထည့်ပြီး လှော်ပေးရမယ်။ ကျွတ်ကျွတ်လေးဖြစ်လာ ရင် အဆာပလာတွေနဲ့ရောပြီး ထောင်းလိုက်ရုံပဲ။ ဟင်းချက် စားလို့လည်းရတယ်။ ဟင်းရည်ထဲ ထည့်ပြီးလည်း သောက်ကြတယ်” ဟု စားသုံးပုံနှင့် ပတ်သက်၍ ပြောသည်။

ထို့အပြင် ရံဖန်ရံခါ တစ်ကောင်၊ နှစ်ကောင်သာတွေ့ ရသော ကျောက်ကြမ်းပိုးများကိုမူ စား၍မရပါ။ ၎င်း တို့သည် ကျောက်ကြမ်းပိုး အရိုင်းကောင်းများသာဖြစ်သည်ဟု ကျောက်ကြမ်းပိုး ဖမ်းသည့် ပူတာအို ဒေသခံများက ပြောသည်။

ဆောင်းရာသီ၌ တွေ့ရသည့် အစုလိုက်အပြုံရှိနေသော ကျောက်ကြမ်းပိုးများကို စား၍ရပြီး ၎င်းကိုသာ ဆေးအဖြစ် အသုံးပြုရန်လည်း ဝယ်ယူကြခြင်း ဖြစ်သည်။

ဓါတ်ပုံ – CJ, Mali Ingra