ဝါးနဲ့ ဆောက်ထားတဲ့ လိုင်ဇာက စာကြည့်တိုက်ကလေး

ဇိုင်းထွယ်နော်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမြို့မှာရှိတဲ့ Hparat Panglai စာကြည့်တိုက်ကိုဆိုရင် တန်ဖိုးရှိလှတဲ့ ဝါးတွေနဲ့ လှပစွာ စနစ်တကျ တည်ဆောက်ထားပါတယ်။

Hparat Panglai ဆိုတာ မြန်မာလိုတော့ ပညာ ပင်လယ်လို့ အဓိပ္ပာယ်ရပါတယ်။

စာကြည့်တိုက်မှာ အသုံးပြုထားတဲ့ ဝါးတွေဟာဆိုရင် သမရိုးကျဝါးမျိုး မဟုတ်ဘဲ နှစ်ရှည်လများစွာ ခိုင်ခံ့ အောင် သေချာ ပြန်လည်ပြုလုပ်ထားတဲ့ ဝါးတွေဖြစ်ပါတယ်။

မိရိုးဖလာနည်းအရ အိမ်တစ်ခုလုံးကို သမာရိုးကျ ဝါးတွေနဲ့ပဲ ဆောက်မယ်ဆိုရင် အများပိုင်းက ၄-၅ နှစ် လောက်ခံတယ်လို့ ဆောက်လုပ်ရေးတွင်ပါဝင်သူ နော်ဂျာ က ပြောပြပါတယ်။

ဝါးအမျိုးအစား၊ ခုတ်တဲ့လ၊ ဆောက်လုပ်တဲ့ ပုံသဏ္ဌာန်ပေါ် မူတည်ပြီးတော့လည်း ၉ နှစ်၊ ၁၀နှစ် ကြာရှည်ခံ တာတွေလည်း ရှိပါတယ်။ Hparat Panglai စာကြည့်တိုက်မှာ အသုံးပြုထားတဲ့ ဝါးတွေကိုကတော့ ပိုးသေချာ သတ်ထားပြီး ဖြစ်ပါတယ်။

ဝါးပိုးသတ်တဲ့ နည်းစနစ်တွေအများကြီး ရှိပါတယ်။

ဤစာကြည့်တိုက်မှာ အသုံးပြုထားတဲ့ နည်းစနစ်ကတော့ ဝါးကို ခုတ်ပြီးတာနဲ့ ရေစိမ်ရပါတယ်။ အဲ့ဒီလို ရေ စိမ်ပြီးတာနဲ့ ဝါးမြစ်တွေကို အကုန်သတ်ရပါတယ်။ ပြီးတာနဲ့ ဒီဇယ်ကို ၂ ခါ ၃ ခါ သုတ်ရတဲ့ နည်းစနစ် ကို အသုံးပြုထားပါတယ်။

ဝါးတွေ ရေစိမ်တာကိုတော့ အချိန်အားဖြင့် ၁ လလောက် အချိန်ပေးရပါ တယ်။ ဝါးတွေကို ခုတ်ဖြတ်၊ လွန် တွေနဲ့ ဖောက်တဲ့ အခါတိုင်းမှာလည်း ဒီဇယ်ကို သုတ်ပေးတဲ့ အတွက်ကြောင့် ဝါးပိုးစားခြင်းကနေ အများကြီး ကာကွယ်ပေးနိုင်တဲ့အကြောင်း ဆောက်လုပ်ရေးတာဝန်ခံ Fr. Jerome Eiphan ကပြောပါတယ်။

“ကျနော်တို့ မိရိုးဖလာနည်းအရ သမရိုးကျ အိမ်တွေကိုဆောက်တဲ့ အခါမှာ ဝါးတွေကို ရင့်ပြီထင်လို့ ဆောက်လိုက်တယ်၊ ၅လ၊ ၆ လ ကြာလာတော့ ဝါးပိုးတွေက စားလာတတ်တယ်၊ အခုလိုဖြစ်တာက ဝါးရဲ့ အချိုဓာတ်ကြောင့်ရယ် မှန်ကန်တဲ့နည်းစနစ် မသိတာကြောင့်ရယ်ပေါ့” ဟု ပြောပါတယ်။

ယခုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သာမန် ထက် နှစ် ၄၀- ၅၀ လောက် အထိ ခိုင်ခံတဲ့ အကြောင်းကို လည်း Father က ပြောပါတယ်။

Hparat Panglai စာကြည့်တိုက်ကတော့ လိုင်ဇာမြို့က မုန်လိုင်တံတား ကနေ မီတာ ၄၀၀ ကျော်လောက်မှာ တည်ရှိပြီး ဘယ်ဘက်မှာတော့ ဓါတ်ဆီဆိုင်ကြီးရှိပါတယ်။ ညာဘက်မှာတော့ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးတခု ပြုလုပ်နေတာလည်း ရှိပါတယ်။

အနောက်ဘက်မှာတော့ ကုန်းပြင်မြင့်လည်းရှိပါတယ်။ အရှေ့မှာတော့ ကားလမ်းမကြီးရှိပြီးတော့ ကားလမ်း ရဲ့ အောက်မှာဆိုရင် ကမ်းပါးရှိပါတယ်။ ကမ်းပါးဘေးမှာလည်း စိမ်းမြနေတဲ့ မုန်လိုင်ချောင်းလေးက စီးဆင်း နေပါတယ်။

စာကြည့်တိုက်ရဲ့ ပုံသဏ္ဌာန်ကတော့ ဟောခန်းပုံ သဏ္ဌာန်ဖြစ်ပြီး ၂ ထပ် ဝါးအိမ်လေး ဖြစ်ပါတယ်။ အောက် ထပ်ကတော့ ၁၀ ပေပတ်လည် ၁၂ ခန်း ဖြစ်ပါတယ်။ အောက်ထပ် ကြမ်းပြင်ကိုတော့ အင်္ဂတေ ခင်းထားပါ တယ်။

စာကြည့်တိုက်ကတော့ အပေါ်ထပ် အလယ်မှာရှိပြီး ၁၀ ပေပတ်လည်ကိုမှ ၄ ခန်းစာ ဖြစ်ပါတယ်။ အပေါ် ထပ်ကြမ်းပြင်ကတော့ ဝါးခင်းထားပါတယ်။ မြေပြင်ညီထပ်ရဲ့ ၃ ပေခန့် အမြင့်ကိုတော့ အုတ်နဲ့ပြုလုပ်ထားပါတယ်။

အဆိုပါ အပေါ်ထပ်ကိုတော့ စာကြည့်တိုက်ရဲ့ ရုံးခန်းအဖြစ် ပြုလုပ်ပြီး အပေါ်ထပ်ကိုတက်တဲ့ လှေကားက တော့ စာကြည့်တိုက်ရဲ့ အတွင်းမှာ ဖြစ်ပါတယ်။ ရှေ့မျက်နှာစာမှာလည်း ၁၀ ပေ ပတ်လည် ၂ ခန်းစာကို အဖီ အဖြစ် ပြုလုပ်ထားပါတယ်။

စာကြည့်တိုက်မှာတော့ တံခါးမကြီး ၃ ခု ရှိပြီးတော့ပြတင်းပေါက်ကတော့ ၁၁ ခု ရှိပါတယ်။ အပေါ်ထပ်မှာ တော့ ပြတင်းပေါက် ၇ ခု ရှိပါတယ်။ တံခါးမကြီးတွေကို တော့ သစ်သားပြားတွေနဲ့ ပြုလုပ်ထားပြီး ပြတင်း ပေါက်တွေကိုတော့ မှန်ချပ်တွေနဲ့ ပြုလုပ်ထားပါတယ်။

ဝါးတွေနဲ့ပဲ ပြုလုပ်ရတဲ့အတွက်ကြုံရတဲ့ အခက်အခဲတွေကတော့ “သူ့ရဲ့ နည်းစနစ်မမှန်ရင် ကွဲလာတတ် တယ်၊ ဦးစီးဦးဆောင်တဲ့သူတွေ မရှိရင် ကိုယ့်ဟာနဲ့ကို မဆုံးဖြတ်ရဲ ဘူး” ဟု ဆောက်လုပ်ရေးတွင် ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဒီစာကြည့်တိုက်မှာ သုံးထားတဲ့ ဝါးတွေကို ခုတ်တဲ့အခါမှာလည်း ရင့်မရင့်ကို ကြည့်တတ်ရတယ်လို့ ဆိုပါ တယ်။ ဝါးရွေးချယ်ရာမှာတော့ သက်တမ်းအားဖြင့် ၆ နှစ်နဲ့ ၁၀နှစ်ကြားက ဝါးတွေက အကောင်းဆုံး ဖြစ်ပါ တယ်။ ဝါးခုတ်တဲ့လက အောက်တိုဘာလမှ ဒီဇင်ဘာလ ကြားကာလတွေက အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလတွေမှာတော့ ဝါးရဲ့အချိုဓာတ်က အနည်းဆုံးဖြစ်တာကြောင့် ဝါးပိုးစားခြင်း ကို အတော် အတန် ကာကွယ်ပေးနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ပါဝင်သူတွေက ပြောပါတယ်။

Hparat Panglai စာကြည့်တိုက်မှာဆိုရင် အဓိကထားရှိတဲ့ စာအုပ်တွေကတော့ သမိုင်း နှင့် ပတ်သက်တဲ့ စာအုပ်တွေ၊ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု၊ ဘာသာစကား၊ အထုပ္ပတ္တိများ၊ အခြားဗဟုသုတ စာပေနဲ့ ဥပဒေ ရေးရာ စာအုပ်တွေကို စနစ်တကျထားရှိတယ်လို့ စာကြည့်တိုက် တာဝန်ခံက ပြောပါတယ်။

များသောအားဖြင့် စာကြည့်တိုက်ကို လာကြတဲ့သူတွေကတော့ လူကြီးပိုင်းတွေ ဖြစ်ပြီး၊ အုပ်ချုပ်ရေး သင် တန်းက ကျောင်းသူ/သားများအပြင် အခြေခံ ပညာသင် ကျောင်းသူ/သားတွေလည်း ကျောင်းက လေ့ကျင့် ခန်း (အိမ်စာ) တွေ ပေးလိုက်ရင် လာကြသည်ဟု စာကြည့်တိုက်မှူးက ပြောပြပါတယ်။

ထို့အပြင် နွေရာသီကျောင်းပိတ်ရက် မှာတော့ ကလေးတွေအတွက် အထူးအစီအစဉ်တွေ လုပ်ပေးတယ်လို့ စာကြည့်တိုက်မှူးက ပြောပါတယ်။ “နွေရာသီကျောင်းပိတ် တဲ့ အချိန် အခါမျိုးတွေမှာလည်း ကလေးတွေကို ဗဟုသုတနဲ့ သက်ဆိုင်တဲ့စာအုပ်၊ စာပေတွေ တခြား ကလေးတွေနဲ့ သက်ဆိုင်တဲ့ စာအုပ်အမျိုးမျိုးကိုပေါ့၊ ခေါ်ဖတ်တဲ့ အစီအစဥ်တွေ အတူလေ့လာတဲ့ အစီအစဥ်တွေ နှစ်တိုင်း ပြုလုပ်ပေးတယ်” ဟု စာကြည့်တိုက်မှူးက ပြောပါတယ်။

စာအုပ်ငှားရမ်းရာမှာတော့ အဖွဲ့ဝင် ကပ်ပြား (member card) ပြုလုပ်ပေးပြီး ဝင်ကြေးကတော့ လူတစ်ဦးကို ကျပ်တစ် သောင်း ပေးရပါတယ်။ member card ပြုလုပ်မယ်ဆိုရင်တော့ လိုင်စင်ပုံ ၂ ပုံနဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ ရှိရင် ရပါပြီ။ လက်ရှိတွင် Member ဝင် လူဦးရေ ၂၀၀ ကျော်ခန့်ရှိပါတယ်။

အဆိုပါ Member card မှာ နှစ်နှစ် သက်တမ်းဖြင့် ပိတ်ရက်မရှိ တပတ်တွင် ၂ အုပ်နှုန်းဖြင့် အခမဲ့ ငှားပေးနေတာ ဖြစ်ပါတယ်။ ရက်လွန်သွားရင်တော့ တရက် ကို ကျပ် ၂၀၀ နှုန်း ပေးရတယ်လို့ စာကြည့်တိုက်မှူးက ပြောပါတယ်။

အဆိုပါ စာကြည့်တိုက်ကိုတော့ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ရာ စာအုပ်ငှားရမ်းခြင်း ကိုတော့ ၂၀၂၀ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၂၀ မတိုင်ခင်တွင် စာအုပ်ငှားရမ်းခြင်းကို မလုပ်ပေးသေးဘဲ စာကြည့်တိုက်မှာပဲ လာရောက် ဖတ်ရှုလေ့လာစေခြင်းကို ပြုလုပ်ခဲ့ပါတယ်။ စာကြည့်တိုက်ကို ပြုလုပ်စဥ်တွင် ဦးစီးဦးဆောင်သူဖြစ် တဲ့ Father ကို တော့ စာကြည့်တိုက်ရဲ့ ဥက္ကဋ္ဌလည်းဖြစ် KIC ရဲ့ ဒုဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီးလည်းဖြစ်တဲ့ ဆွမ်လွတ်ဂွမ်မော်က ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

Hparat Panglai စာကြည့်တိုက်ရဲ့ စာဖတ်ပရိသတ် လူငယ်တဦးက စာကြည့်တိုက်ရဲ့ အကျိုးကျေးဇူးကို အခုလိုပြောပြပါတယ်။

“လူငယ်တွေအတွက် ဗဟုသုတတွေလည်း ပိုပြီးတော့ ကြွယ်ဝတယ်၊ ကိုယ့်ရွယ်တူ လူငယ်တွေကြားမှာ လည်း စာဖတ်ခြင်းအားဖြင့် ပညာတပမ်းသာခြင်းရဲ့ အကျိုးကျေးဇူးတွေရတယ်၊ မှားတယ်မှန်တယ်၊ အတွေ့အကြုံတွေ ပိုရတယ်။ မျက်စိပိုပွင့်တယ်။ နားပွင့်ဖြစ်တယ်” လို့ စာဖတ်ပရိသတ်ဖြစ်သူ လိုင်ဇာ နယ်ခံ ဆိုင်းပန်က ပြောပါသည်။

နိုင်ငံ့ခေါင်းဆောင်တွေ၊ အောင်မြင်ကျော်ကြားတဲ့ လူတွေ တော်တော်များများကလည်း စာအုပ်၊ စာပေတွေ အများကြီးဖတ်တယ်လို့ သူကဆက်ပြောပါတယ်။