NCA သုံးနှစ်ကာလ သိသာသည့် တိုးတက်မှုမရှိကြောင်း PPST ခေါင်းဆောင်ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သက်တမ်း ၃ နှစ် ကျော်လာသော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှု မရှိသေးကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်အဖွဲ့ PPST ယာယီ အဖွဲ့ခေါင်းဆောင်က ပြောလိုက်သည်။

အဓိက အကြောင်းအရင်းမှာ ဆွေးနွေးဖက်များအနေဖြင့် မိမိတို့၏ တရားသေမူဝါဒများကို စွဲကိုင်ထားခြင်းကြောင့်ဖြစ်သည် ဟု PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

“NLDအစိုးရလက်ထက်မှာ ၂၁ရာစု ပင်လုံကို (၃)ကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် ပြောပလောက်တဲ့ အောင်မြင်မှု မရရှိသေးတာဟာ အစုအဖွဲ့အားလုံးက သူ့မူကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားလို့ပဲ ဖြစ်ပါတယ်။”

တစ်နိုင်ငံံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တပ်မတော်က ခွဲမထွက်ရ၊ တစ်ခုတည်းသော တပ်မတော်၊ ငြိမ်းချမ်းရေးမူ (၆)ချက်တွေ တင်မကဘဲ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာဆဲ ဖြစ်နေပါတယ်” ဟုပြောသည်။

တပ်မတော်ကလည်း ၎င်းတို့၏ ငြိမ်းချမ်းရေး မူဝါဒအတိုင်း မပြောင်းမလဲ ရပ်တည်မှုများကြောင့် လက်ရှိသွားနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ဖြစ်ပေါ်မှုကို အဟန့်အတား ဖြစ်စေသည်သာမက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးမှာလည်း အလှမ်းဝေးနေသည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆက်ပြောသည်။

“ဒါကြောင့် သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်တော့ နှစ်ဖက်စလုံးအရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင်မှုကို နှစ်ဦးနှစ်ဖက် ရရှိမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားပါက ပြဿနာအမျိုးမျိုးလည်း ပေါ်လာမှာ ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အစိုးရ၊ တပ်မတော်၊ EAO များနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးက ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်သည်ဟု PPST ယာယီအဖွဲ့ခေါင်းဆောင်က ပြောသည်။

တစ်နိုင်ငံံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ နှင့်ပတ်သက်၍ သက်ဆိုင်ရာ အလုပ်အဖွဲ့များမှ အစီရင်ခံ တင်ပြဆွေးနွေးခြင်း၊ စုဖွဲ့မှုများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချူပ်ထံသို့ စာရေးသားပေးပို့ခဲ့သည့် အချက် ၃ ချက်ကိစ္စ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်း တိုင်ပင်ခြင်း ကော်မတီအဖြစ် ပြောင်းလဲမည့်ကိစ္စနှင့် တစ်ဆို့နသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ ဆက်နိုင်ရန် ကတိကဝတ်ပြုချက် လက်မှတ်ရေးထိုးရေးကိစ္စများကို ဆွေးနွေးသွားကြရန်ရှိသည်ဟု သိရသည်။

“အဓိကအချက်အနေနဲ့ အဖွဲ့အစည်းများကြား PPST အဖွဲ့အစည်းများကြားမှာ ဘယ်လိုဆက်ပြီးတော့ ပူးပေါင်းသွားမလဲ။ ဒါလည်း အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။ ယခုလက်ရှိ ဖြစ်ပေါ်နေ အချက်အလက်များနဲ့ အညီ ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တော်တော်များကြားမှာ ဘယ်လိုဆက်ပြီးသွားမလဲ။ ပြီးရင် တစ်ခါ NCAကို မထိုးသေးတဲ့ ညီနောင်တိုင်းရင်းသားအဖွဲ့အစည်း အချို့နဲ့ ကျွန်တော်တို့ ကြားမှာလည်း ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ” ဟု ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“နောက်တစ်ခုကတော့ ကျွန်တော် တို့ ညီညွတ်ရေးလို့ ပြောတဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်ကြားမှာ ညီညွတ်ရေး လိုအပ်သလို အစိုးရနဲ့ ကြားမှာလည်း ညီညွတ်ရေးလိုအပ်ပါတယ်။ အဲဒီလို ညီညွတ်ရေးရမှလည်း ငြိမ်းချမ်းရေးကို ဆက်ပြီး ဖော်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးကို အကောင်ထည်ဖော် လုပ်ဆောင်တဲ့ အခါမှာကျွန်တော် တို့ သက်ဆိုင်သူ အားလုံးအကြားမှာ ဘယ်လိုညှိနှိုင်းဖော်ဆောင်မှာလည်းဆိုတာ အဓိက ဆွေးနွေးရမယ့် အရာတွေ ဖြစ်ပါတယ်။”

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ စတုတ္ထ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ အပစ်ရပ်အဖွဲ့များအပြင် NCA လက်မှတ်မရေးထိုးရသေးသည့် ကချင် လွတ်လပ် ရေးအဖွဲ့ KIO နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့မှ ခေါင်း ဆောင်တချို့လည်း လေ့လာသူများအဖြစ် တက်ရောက်နေကြသည်။

ထိပ်သီးအစည်းအဝေးသို့ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU မှ ကိုယ်စားလှယ် စုစုပေါင်း ၈၀ ကျော် တက်ရောက်နေကြသည်။