စစ်ရှောင် လေးသိန်းကျော် အခက်အခဲများ ရင်ဆိုင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်။

ထွက်ပြေးတိမ်းရှောင်နေရသည့် တိုင်းရင်းသားလူထုများကို ပစ်ပယ်ထားခြင်းအား ရပ်တန့်ပေးရန် စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသည့် အဖွဲ့ ၁၅ ဖွဲ့က ဇွန်လ ၂၀ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ပူးတွဲထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးဒုက္ခသည် လေးသိန်းခွဲကျော်သည် နေရပ်ပြန်နိုင်ရေး အခက်အခဲရှိနေသေးသည့်အပြင် နိုင်ငံတကာ ကူညီရေးအဖွဲ့များက ကူညီထောက်ပံမှုများ လျော့ကျဖြတ်တောက်လိုက်သည့်အတွက် အခက်အခဲများနှင့် ပိုမိုရင်ဆိုင်နေရသည်ဟု ဒုက္ခသည်အရေးဆောင် ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

“ဒုက္ခသည်စခန်းတွေနဲ့ IDPs စခန်းတွေကိုပေါ့နော် လျော့ချကုန်တာပေါ့နော်။ ဒုက္ခသည်စခန်းတွေမှာတော့ ၂၀၁၂ နောက်ပိုင်း ceasefire လုပ်ပြီးတဲ့နောက်ပိုင်းမှာ ရိက္ခာလျှော့ချမှုတွေရှိလာတယ်။ အခုက ပံ့ပိုးမှုတွေက တော်တော်နည်းသွားပြီ။ တစ်ဦးကို ထိုင်းဒုက္ခသည်စခန်း ဘက်မှာ ကရင်နဲ့ ကရင်နီဆိုရင် ဘတ်ငွေ ၂၀၀ (မြန်မာငွေဆို ၉၀၀၀ နဲ့ ၁၀၀၀၀ ကြားပဲပေါ့) အဲ့လောက်ပဲရတော့ တယ်။ တခြားပံ့ပိုးမှုတွေလည်း အကုန်နည်းသွားပြီ။” ဟု ကရင်နီအမျိုးသမီး အစည်းအရုံး (KNOW) က မမီးမီး က ပြောသည်။ “ပညာရေး၊ ကျန်းမာရေးရောပေါ့။ အပြင်မှာလည်း အလုပ်သွားလုပ်လို့မရ။ အခုက သူတို့မှာ မျှော်လင့်ချက်တွေ မဲ့ပြီး စခန်းထဲမှာပဲ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်ကုန်ပြီ” ဟု ဆက်ပြောသည်။

ထို့အပြင် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ(IDPs) များအနေဖြင့်လည်း လူသားချင်းစာနာမှု အကူအညီ ပေးရေးအဖွဲ့များအားလည်း အစိုးရမှ ပိတ်ပင်ခြင်း၊ တားမြစ်ခြင်းများ ရှိနေသည့်အတွက် ကူညီပံ့ပိုးမှုများ ကောင်းမွန်စွာမရရှိပဲ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မမီးမီးက ပြောသည်။

စစ်ဘေးဒုက္ခသည်များမှာ နေရပ်ပြန်မည်ဆိုပါက နေရာထိုင်ခင်းနှင့် လုပ်ကိုင်စားသောက်ရန် မြေနေရာများတွင် မြေမြုပ်မိုင်းပြဿနာများနှင့် အစိုးရ တပ်စခန်းများတည်ရှိနေခြင်း၊ လုံခြုံမှု မရှိသေးခြင်းတို့ကြောင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်မည်ဆိုကလည်း နိုင်ငံတကာ ကူညီထောက်ပံ့ ရေးအဖွဲ့များက ရိက္ခာ လျော့ချ ဖြတ်တောက်မှုကြောင့် စားဝတ်နေရေး ပိုမိုခက်ခဲလာသည်ဟု ဒုက္ခသည်အရေးဆောင် ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

ဇွန်လ ၂၀ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ထုတ်ပြန်သည့် “အိမ်မလွမ်းသူ ဘယ်သူရှိ မလဲ – မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်မှုများ” အစီရင်ခံစာအရ မြန်မာနိုင်ငံထဲမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ စာရင်းအရ လေးသိန်းခွဲကျော်ရှိ ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ရှောင်ဒုက္ခသည် တစ်သိန်းခြောက်ထောင်ခန့်၊ မြန်မာနိုင်ငံ အရှေ့ တောင်ပိုင်းရှိ ကရင်နှင့် မွန်တိုင်းရင်းသားတို့တွင် စစ်ရှောင်ဒုက္ခသည် နှစ်သိန်းရှစ်သောင်းခန့်နဲ့ ထိုင်းနိုင်ငံ ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် ကိုးသောင်းခုနှစ်ထောင်ခန့် ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာထဲတွင် လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲမည့် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးဖြစ်ရန်အတွက် လုံခြုံရေး၊ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေး ရေး၊ ပညာရေးနှင့် ကျန်မာရေးတို့အပါအဝင် ဒုက္ခသည်များနှင့် IDPs များ၏ စိုးရိမ်ပူပန်မှုများ၊ လိုအပ်ချက်များ၊ အမြင်သဘောထားများကို မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အနေအထားအတွင်း ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်းကျော်စစ်ရှောင်စခန်းက ကျောင်းဆရာ စိုင်းကွမ်ခေးက “သူတို့ မြန်မာ ID (မှတ်ပုံ တင်) လည်း မရှိဘူး။ ထိုင်း ID လည်း မရှိဘူး။ ပြန်လို့လည်းမရ၊ ဒီမှာနေရင်လည်း ခက်တယ်။ အလယ်မှာဖြစ် နေတယ်။ အခုရိက္ခာဖြတ်တောက်လိုက်တယ်” ဟု ထောက်ပံ့ရေး အခြေအနေကို ပြောပြသည်။

“အဝေးကြီးကို မကြည့်ပါနဲ့ ဒီမှာနေတဲ့ ကျောင်းဆရာ/ဆရာမတောင် ဆန်လည်းကိုယ့်ဟာကိုယ်ဝယ်ရတယ်၊ လစာလည်းနည်းတယ်။ အကုန်လုံး ကိုယ့်ဟာကိုယ် ဖြေရှင်းရတယ်။ ဒုက္ခသည်တွေကိုတော့ မပြောနဲ့တော့ အရမ်းခက်ခဲတယ်။ အခုဆိုရင် သင်ရိုးညွှန်းတန်းစာအုပ်တွေလည်း လိုနေတယ်။ နှစ်ယောက် တစ်အုပ်ကြည့်ရတာလည်းရှိတယ်။ စာအုပ်ခဲတံအကုန်လုံးပဲ။ လုံးဝခက်ခဲနေတယ်” ဟု ဆက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိတဲ့ ကုန်းကျော်စစ်ရှောင်စခန်းအပါအဝင် ဒုက္ခသည်စခန်း ၆ ခုက လူဦးရေ ၆၀၀၀ ကျော်က စားဝတ်နေရေး ပိုမိုခက်ခဲလာသည့်အပြင် လုံခြုံရေးအတွက်ပါ စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဏိုင် SHRF နှင့် ရှမ်းပြည် ဒုက္ခသည်များဆိုင်ရာ ကော်မတီ ( ထိုင်းနယ်စပ်) SSRC-TB က ပြောသည်။

၂၀၁၇ ခုနှစ်က စတင်၍ ရိက္ခာဖြတ်တောက်ခံလိုက်ရသည့်အတွက် နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့များအနေဖြင့် ရှမ်းစစ်ဘေးရှောင်များကို ပြန်လည်ကူညီ ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့ရှိ ဂျော်-၁ ဒုက္ခသည်စခန်းမှ အတွင်းရေးမှူး ဦးမဂျီယော်ထုန် က “ကျနော်တို့ ဆီကတော့ ပြန်လို့ မဖြစ်သေးဘူး။ ကချင်ပြည်နယ် မန်စီမြို့နယ်က ဖြစ်နေတော့ ပြန်လို့မရဘူး။ ရှေ့တန်းပေါ့ တိုက်ပွဲနေရာကလိုဖြစ်နေတယ်။ ပြန်လို့မရဘူး။ သူတို့ရွာကလည်း ပျက်ဆီးကုန်ပြီ။ ပြီးရင် လုံခြုံမှုကလည်း မရှိသေးဘူးဆိုတော့ ကျနော်တို့ကတော့ ငြိမ်းချမ်းရေး ရပြီးတဲ့နောက်ပိုင်းမှ မိုင်းကိစ္စလည်း အကုန်ရှင်းပြီးပြီဆိုမှ အဲ့ဒီရွာတွေမှာ တပ်စခန်းချထားတာတွေ ရုတ်သိမ်းပြီးပြီဆိုမှ ပြန်လို့ရမှာပါ” ဟု ပြောသည်။

ကရင်၊ ကရင်နီ၊ ကချင်၊ တအာင်း(ပလောင်)၊ မွန်၊ ပအိုဝ်း နှင့် ရှမ်း အရပ်ဘက်အဖွဲ့အစည်း ၁၅ ဖွဲ့ ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ထိုးစစ်များရပ်တန့်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး၊ မြေသိမ်းဆည်းမှုများ ရပ်တန့်ရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ထူထောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင်ပေးရန် တောင်းဆိုထားသည်။