ဖိလစ်ပိုင် လွှတ်တော်အတွင်းမှ ပစ်ခတ်သံများ ကြားရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်။ 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ အထက်လွှတ်တော်အဆောက်အအုံအတွင်း ဗုဒ္ဓဟူးနေ့ညနေပိုင်းက သေနတ်သံများ ထွက်ပေါ်ခဲ့မှုကြောင့် လွှတ်တော်တစ်ခုလုံးကို ပိတ်ဆို့ (Lockdown) ထားလိုက်ရသည်။ 

အဆိုပါအဆောက်အအုံအတွင်း၌ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်းဝရမ်းထုတ်ပြန်ထားသည့် အထက်လွှတ်တော်အမတ် ရော်နယ်ဒယ်လာရိုဆာ (Ronald Dela Rosa) ခိုလှုံနေခြင်းဖြစ်သည်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း တာဝန်ရှိသူများက အတည်ပြုသော်လည်း ပစ်ခတ်သူနှင့် အကြောင်းရင်းကိုမူ စုံစမ်းစစ်ဆေးဆဲဖြစ်သည်။ 

ပြည်ထဲရေးဝန်ကြီးက ၎င်းတို့အနေဖြင့် ရဲချုပ်ဟောင်းဖြစ်သူ အမတ်ဒယ်လာရိုဆာအား ဖမ်းဆီးရန်မဟုတ်ဘဲ အကာအကွယ်ပေးရန် ရောက်ရှိနေခြင်းဖြစ်ကြောင်းနှင့် လွှတ်တော်အမတ်များအားလုံး ဘေးကင်းစေရန် သမ္မတက ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

အမတ်ဒယ်လာရိုဆာသည် သမ္မတဟောင်းဒူတာတေး လက်ထက် ရဲချုပ်အဖြစ် တာဝန်ယူစဉ် “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ” အတွင်း လူပေါင်းထောင်ချီ သတ်ဖြတ်ခံရမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ICC က စွပ်စွဲထားသည်။ 

ICC သည် သမ္မတဟောင်းဒူတာတေးကို ၂၀၂၅ ခုနှစ် မတ်လကတည်းက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်သည်။ 

ဖိလစ်ပိုင်အစိုးရက ၎င်းတို့သည် ICC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသဖြင့် စစ်ဆေးပိုင်ခွင့်မရှိဟု ငြင်းဆိုထားသော်လည်း ICC ကမူ အဆိုပါရာဇဝတ်မှုများသည် ဖိလစ်ပိုင်နိုင်ငံ အဖွဲ့ဝင်ဖြစ်နေသည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တရားစီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားသည်။ 

လက်ရှိတွင် လွှတ်တော်အပြင်ဘက်၌ ဆန္ဒပြမှုများရှိနေပြီး အဆောက်အအုံအတွင်း စစ်ဘက်နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူထားသည်။