ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား ICC တွင် စတင်စစ်ဆေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။ 

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) ၏ သမ္မတသက်တမ်းအတွင်း ကျင့်သုံးခဲ့သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်နှင့် ပတ်သက်၍ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ရှိ၊ မရှိကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က စတင်စစ်ဆေးလျက် ရှိသည်။

စွပ်စွဲချက်များအရ ဒူတာတေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများနှင့် အသုံးပြုသူများကို တရားဥပဒေမဲ့ သတ်ဖြတ်ရန် အမိန့်ပေးခဲ့သဖြင့် လူပေါင်း ၃၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။ 

အဆိုပါသေဆုံးသူများထဲတွင် ကလေးသူငယ်များပင် ပါဝင်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။ 

လက်ရှိတွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်သော သမ္မတဟောင်း ဒူတာတေးသည် နယ်သာလန်နိုင်ငံရှိ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း ၎င်းကမူ ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်းနှင့် ICC ၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း ငြင်းဆိုထားသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ လေးရက်ကြာ ကျင်းပမည့် ဤကြားနာပွဲအပြီး ရက်ပေါင်း ၆၀ အတွင်း အထောက်အထား ခိုင်လုံမှု ရှိ၊ မရှိကို တရားသူကြီးများက ဆုံးဖြတ်မည် ဖြစ်သည်။ 

အကယ်၍ အထောက်အထား ခိုင်လုံပါက ဒူတာတေးသည် ICC တွင် ပထမဆုံးအကြိမ် တရားစွဲဆိုခြင်းခံရသည့် အာရှနိုင်ငံခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်လာမည် ဖြစ်သည်။