တနင်္သာရီတိုင်းတွင် ဇန္နဝါရီလ အတွင်း နေအိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံရဟု သုတေသနအဖွဲ့ ဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။
တနင်္သာရီတိုင်းတွင် တစ်လအတွင်း နေအိမ် ၂၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ဘေးရှောင် ၈ သောင်းကျော် အတွက် ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသည့် ဗျူဟာကို အရှိန်မြှင့်ကျင့်သုံးလာခြင်းကြောင့် ဇန်နဝါရီလတစ်လအတွင်း ဒေသခံနေအိမ် ၂၅၀ ကျော် ပြာကျခဲ့ရသည်။
ထို့အပြင် စစ်ဘေးရှောင်ဦးရေ ၈ သောင်းကျော်အထိ မြင့်တက်လာကြောင်း ဒေသတွင်း သုတေသနအဖွဲ့တစ်ခု ဖြစ်သည့် FE5Tanintaryi က ထုတ်ပြန်လိုက်သည်။
မြိတ်ခရိုင်အတွင်းရှိ ကျွန်းစု၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့သည် အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဒေသများဖြစ်ပြီး၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ယခု ဖေဖော်ဝါရီလဆန်းပိုင်းအထိ ခြောက်လတာကာလအတွင်း တိုင်းတစ်တိုင်းလုံးတွင် နေအိမ် ၈၀၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရသည်ဟု FE5 Tanintharyi က ဆိုသည်။
FE5Tanintaryi ၏ အယ်ဒီတာတစ်ဦးက လက်ရှိမြေပြင်အခြေအနေနှင့် ပတ်သက် ယခုကဲ့သို့ ပြောသည်။
“နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေက စားရေးသောက်ရေးအပြင် နေထိုင်ရေးအတွက်ပါ အခက်တွေ့နေကြတဲ့ အနေအထား ရှိတယ်။ အဓိကကတော့ စစ်ကောင်စီတပ်က သူတို့ စစ်ကြောင်းတွေ၊ စခန်းတွေ တိုက်ခိုက်ခံရ တိုင်း အနီးနားက ကျေးရွာကို ပိုပြီး မီးရှို့တဲ့ ဗျူဟာကို ကျင့်သုံးလာတာပါ။”
စစ်ကော်မရှင်တပ်သည် ဒေသခံလူထုအကြား အကြောက်တရားဖြစ်စေရန်နှင့် တော်လှန်ရေးအင်အားစုများ အပေါ် ထောက်ပံ့မှုအားနည်းသွားစေရန် ရည်ရွယ်၍ နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း၊ စစ်ကြောင်းထိုး လာစဉ် ရွာသားများကို ခေါ်ယူ၍ ‘တိုက်ခိုက်ခံရပါက ရွာကို မီးရှို့မည်’ ဟု ပေါ်ပေါ်တင်တင် ခြိမ်းခြောက်လေ့ရှိ သည်ဟု ဆိုသည်။
“တော်လှန်ရေးတပ်တွေကြောင့်မို့လို့ ရွာတွေကို မီးရှို့ရတာ ဆိုတဲ့ ဇာတ်ညွှန်းကို သူတို့က ပိုပြီးတော့ အကောင် အထည် ဖော်လာတာမျိုး တွေ့ရတယ်” ဟု အဆိုပါ အယ်ဒီတာက ဆက်ပြောသည်။
မီးရှို့ဖျက်ဆီးမှုများအပြင် အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်ပစ္စည်းများ ဖောက်ထွင်း ခိုးယူခြင်းနှင့် လက်နက်ကြီး၊ ရေကြောင်းပစ်ခတ်မှုများကြောင့် ဇန်နဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ အနည်းဆုံး ၈၅,၀၀၀ ခန့်အထိ ရှိလာခဲ့သည်။
၎င်းတို့အနက် ထောင်ဂဏန်းခန့်သာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနိုင်ပြီး အများစုမှာ တောတောင်နှင့် ဥယျာဉ်ခြံများအတွင်း ဆိုးရွားစွာ နေထိုင်နေကြရသည်။
လက်ရှိ စစ်ဘေးရှောင်များ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း FE5Tanintaryi အယ်ဒီတာက ယခုကဲ့သို့ သတိပေးထားသည်။
“စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါနဲ့ ငှက်ဖျားရောဂါ အဖြစ်များနေတဲ့အတွက် ဆေးဝါးလိုအပ်ချက်က အရမ်းမြင့်မားနေတယ်။ တိုက်ပွဲတွေ ငြိမ်တဲ့အချိန် ရွာထဲ ခဏပြန်ဝင်လိုက်၊ စစ်ကြောင်းလာရင် ပြန်ပြေးလိုက် နဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ကလည်း အရမ်းများနေတာ သတိပြုမိတယ်။”
ဇန်နဝါရီလအတွင်း စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) ကာလများအတွင်း တိုက်ပွဲပေါင်း ၅၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုများ ပိုမိုလုပ် ဆောင်လာသည်။
ရှေ့လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး အလှူရှင်နည်းပါးလာခြင်းကြောင့် စစ်ဘေးရှောင်ကူညီရေး အဖွဲ့များမှာ ရှိနေသည့် လူဦးရေကိုပင် လုံလောက်စွာ မထောက်ပံ့နိုင်သည့် စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်နေရကြောင်း မြေပြင်ရှိ သတင်းရင်းမြစ်များက ပြောသည်။
ဓာတ်ပုံ – The Tanintharyi Times (ပုံဟောင်း)