တော်လှန်ရေးတပ်များ သိမ်းလိုက်သည့်   ဝင်းဝ စခန်း ဝန်းကျင်ကို စစ်ကော်မရှင် ဗုံးကြဲ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်။ 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ဝင်းဝစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး နောက် စစ်ကော်မရှင်တပ်က အနီးဝန်းကျင်ရှိ အရပ်သားကျေးရွာများကို လေကြောင်းမှတစ်ဆင့် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ဝင်းကဖော်နှင့် ဂုံညှင်းဆိပ်ကျေးရွာတို့ကို စစ်တပ်က မတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် တိုက်လေယာဉ်များအသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က အရပ်သားပစ်မှတ်များကိုသာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အသက် ၅၀ ခန့်အရွယ်ရှိ ဂုံညှင်းဆိပ်ရွာသားတစ်ဦးကပင်လယ်ကမ်းခြေရွာဖြစ်တဲ့ ဂုံညှင်းဆိပ်ကျေးရွာကို မတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့်နဲ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ K8W တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်၊ စက် သေနတ်နဲ့လည်း ဘုန်းကြီးကျောင်းဘက်ကို လှည့်ပတ်ပစ်ခတ်ခဲ့သေးတယ်၊ လူထိခိုက်တာတော့ မရှိပါဘူး ဟု ပြောသည်။

ထို့အပြင် မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ဝင်းဝစခန်းနှင့် ၇ မိုင်ခန့်အကွာရှိ ဝင်းကဖော်ကျေးရွာကို K8W တိုက်လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်ပါ လိုက်လံပစ်ခတ်ခဲ့သဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြိတ် – ထားဝယ်သွား အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဝင်းဝစခန်းကို KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂)၊ တပ်ရင်း (၂၇) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၁၁ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ရေးအရ အရေးပါသော စခန်းတစ်ခုကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကော်မရှင်တပ်သည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများ သုံးစွဲကာ အဆက်မပြတ် ခြိမ်းခြောက် လာနေခြင်း ဖြစ်သည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တနင်္သာရီတိုင်း စစ်ဌာနကလည်း စစ်ကော်မရှင်သည် စခန်းလက်လွှတ် ရမှု အပေါ် လက်တုံ့ပြန်သည့် အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ 

ဒေသခံပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူးသတိပြုကာ ဗုံးခိုကျင်းများ အဆင်သင့်ပြင်ဆင်ထားရန် နှင့် ဘေးကင်းရာသို့ ကြိုတင်ရှောင်တိမ်းကြရန် မြေပြင်ကယ်ဆယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

ဓါတ်ပုံ – ဗုံးကြဲခဲ့သည့် နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြည့်ရှု့စစ်ဆေးနေစဥ်