ထားဝယ်တွင် ရေကြီးမြေပြိုမှုအကြား စစ်အုပ်စုတပ် လေကြောင်းဗုံးကြဲ၍ စစ်ကြောင်းပါထိုးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် ပြည်သူ ၃၀ ကျော် သေဆုံးကာ အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေချိန်တွင် စစ်အုပ်စုတပ်က မကူညီသည့်အပြင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်းထိုးမှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စု ရေဝိုင်း ကျေးရွာနှင့် နဘုလယ်ဒေသဘက်သို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဒေသ အတွင်း ဖုန်းလိုင်းများကိုလည်း ကြိုတင်ဖြတ်တောက်ထားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ တာ ဝန်ရှိသူများက ပြောသည်။
ထားဝယ်အရှေ့တောဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ဒီမှာက ရေတွေကကြီး၊ မြေတွေကပြိုနဲ့ အားလုံးက ဒုက္ခရောက်နေကြတာပါ။ ဘာတိုက်ပွဲမှ မရှိဘဲကို လာကြဲသွားတာ။ ဒီဗုံးကြဲမှုထဲမှာ လူအထိအခိုက်တော့ မရှိဘူးဆိုပေမယ့် လူတွေကတော့ စိုးရိမ်ထိတ်လန့်ရတာပေါ့။ ရွာဝန်းကျင် ကိုပဲ ကြဲချသွားတာပါ” ဟု ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် စက်တင်ဘာလ ၂၆ ရက်မှစ၍ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူနှင့် မြိတ်မြို့နယ်တို့၌ ရေကြီးမြေပြိုမှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
ထားဝယ်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ထားဝယ်ဒေသတစ်ခုလုံး၌ တောင်ပြိုမှုနှင့် ရေကြီးမှုများ ကြောင့် စုစုပေါင်း ၃၂ ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး ပျောက်ဆုံးနေသူ ဆယ်ဂဏန်းအထိ ရှိနေကာ နေအိမ်နှင့် အဆောက်အအုံ ၃၀၀ ဝန်းကျင် ပျက်စီးသွားခဲ့သည်။
အဆိုးဝါးဆုံး ရေဘေးကြုံတွေ့နေရသည့် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာဘက်သို့ စက်တင်ဘာလ ၂၈ ရက်က အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စုတပ် စစ်ကြောင်းသည် သဘာဝဘေး ကူညီပေးမည်ဟု အကြောင်းပြကာ ဝင်ရောက်လာခဲ့သော်လည်း ရေဘေးသင့်ကျေးရွာများသို့ မသွားဘဲ ရွာအတွင်း အထိုင်ချ တပ်စွဲထားကြောင်း ဆိုသည်။
“ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ရေဘေးသင့်နေတဲ့ ရွာက ဆွေမျိုးတွေကို စိတ်ပူနေရတာ။ အခု ကယ်ဆယ်ရေး လာမယ်ဆိုတဲ့ စစ်အုပ်စုတပ်ကလည်း ရွာထဲမှာပဲ တပ်စွဲပြီး ပေါ်တာဆွဲ ဖမ်းမှာစိုးလို့ လူငယ်တွေ ပုန်းပြေးနေရ တယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၂၈ ရက်ကလည်း ထားဝယ်မြို့ပေါ် ကြက်စားပြင်ရပ်ကွက်၌ လူငယ်တစ်ဦးကို စစ်အုပ်စုတပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့သည့်အပြင် ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာနှင့် ထားဝယ်အထူးစီးပွားရေးဇုန် အနီးတို့တွင်လည်း စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် ထားဝယ်ဘက်မှ စီးဆင်းလာသော ရေများကြောင့် တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၂ ပေ ကျော်အထိ မြင့်တက်လာပြီး အနီးဝန်းကျင် ကျေးရွာ ၂၀၀ အထက် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့နေရသဖြင့် စစ်ဘေးနှင့် သဘာဝဘေး နှစ်ထပ်ကွမ်း ရင်ဆိုင်နေရသော ဒေသခံများအတွက် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။