ဝင်းဝ စခန်းအနီးရှိ ကျေးရွာကို ဗုံးကြဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အတွင်းရှိ ဝင်းဝ စခန်းကို ပြန်လည် ထိန်းချုပ်ပြီးနောက် အနီးရှိ ကျေးရွာများကို ဝဲရစ်ကျေးရွာအနီးကို စစ်ကော်မရှင်တပ်က တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်တွင် K8W ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဝဲရစ် ကျေးရွာကို ပေါင် ၂၅၀ ဗုံး လေးလုံးကို ရှေ့ဆင့်နောက်ဆင့် ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၄၀ ခန့်အရွယ် ဝဲရစ်ရွာသားတစ်ဦးက “ဝဲရစ်ကျေးရွာအနားကို ဂျက်ဖိုက်တာနှစ်စီးနဲ့ လာကြဲချသွားတာပါ၊ ရွာသားတွေ ထိခိုက်မှုကတော့ မရှိခဲ့ပါဘူး” ဟု ပြောသည်။
ဝဲရစ်ကျေးရွာသည် မြိတ်-ထားဝယ် ကားလမ်းပေါ်ရှိ ဝင်းဝကျေးရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။
လက်ရှိတွင် အဆိုပါ ဝင်းဝကျေးရွာသို့ စစ်ကော်မရှင်တပ်များ ပြန်လည်ရောက်ရှိနေကြောင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် KNLA နှင့် PDF ပူးပေါင်းတပ်များက သိမ်းယူခဲ့သည့် ဝင်းဝစခန်းသို့ ရက် ပေါင်း ၂၀ ခန့်အကြာ မတ်လ ၃၁ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ပြန်လည်ထိုးဖောက် ရောက်ရှိလာခြင်း ဖြစ်သည်။
စစ်ရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ မတ်လနောက်ဆုံးပတ်တွင် သရက်ချောင်းမြို့ဘက်မှ အင်အား ၆၀ ခန့်ရှိ စစ်ကူစစ်ကြောင်းတစ်ကြောင်း ထပ်မံရောက်ရှိလာပြီး ဂုံညှင်းဆိပ်ကျေးရွာဘက်မှတစ်ဆင့် ဝင်းဝစခန်းသို့ ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။
သို့သော် အဆိုပါစစ်ရေးအခြေအနေနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် PDF တာဝန်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စစ်ကော်မရှင်ဘက်က ဝင်းဝစခန်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မြိတ်-ထားဝယ် ကားလမ်းကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် လမ်းပိုင်းအခြေအနေမှာ ပုံမှန်မဟုတ်ဘဲ ပြန်လည်ပိတ်ဆို့မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
ဝင်းဝစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့သည့် နောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ သရက်ချောင်းမြို့နယ် အောက်ပိုင်းရှိ ကျေးရွာ ၁၂ ရွာခနှ့်မှာ စစ်ကော်မရှင်၏ လေကြောင်းနှင့် ရေကြောင်းမှ လက်နက်ကြီးပစ်ခတ်မှုဒဏ်ကို နေ့စဉ်ရင်ဆိုင်နေရ သည်ဟု ဒေသခံများက ပြောသည်။
စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုနှင့် တိုက်ခိုက်မှုများကြောင့် ဒေသခံရွာသား ၂၀ ခန့် သေဆုံးခဲ့ရပြီး လူနေအိမ်၊ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းများစွာလည်း မီးလောင်ပျက်စီးခဲ့ရသည်။