နှစ် ၃၀ ကျော်သက်တမ်းရှိ ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်။
ထားဝယ်ခရိုင်ရှိ နှစ် ၃၀ ကျော်သက်တမ်းရှိ ဝင်းဝစခန်းကို KNLA နှင့် ပူးပေါင်းတပ်များ အပြီးသတ် သိမ်းပိုက် လိုက်ပြီး လက်နက်ခဲယမ်းအမြောက်အမြား ရရှိခဲ့သည်။
မြိတ် – ထားဝယ်သွား အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ အခိုင်အမာ တပ်စွဲထားသည့် စစ်ကော်မရှင်၏ ဝင်းဝတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) က ထုတ်ပြန် သည်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း တည်ရှိသော အဆိုပါဝင်းဝစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တစ်လကျော်ကြာ ပြင်းထန်သော တိုက်ပွဲများအပြီး မတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီတွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသည် သရက်ချောင်းမြို့အထွက် ဆင်ကူးကျေးရွာမှ ပုလောမြို့နယ် ပလောက်မြို့အနီးရှိ ဆင်ထိုး ကြီးကျေးရွာအထိ လမ်းတစ်လျှောက်တွင် စစ်ကော်မရှင်၏ နောက်ဆုံးကျန်ရှိနေသော အမာခံ တပ်စခန်းလည်း ဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက “စခန်းသိမ်းတိုက်ပွဲကာလတစ်လျှောက်လုံးမှာ စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေတို့နဲ့ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့တာ၊ လေယာဉ်နဲ့လည်း နေ့စဉ် နေ့တိုင်း ဗုံးကြဲနေတဲ့ကြားက စခန်းကိုလက်လွှတ်လိုက်ရတာ၊ အခုချိန်ထိလဲ တိုက်ပွဲတွေက ရှိနေသေးတယ်” ဟု ပြောသည်။
အဆိုပါ စခန်းသိမ်း စစ်ဆင်ရေးကို KNLA ဗျူဟာအမှတ် (၂) ၏ ဦးဆောင်မှုဖြင့် KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂)၊ KNU တပ်မဟာ (၆) တပ်ရင်း (၂၇)၊ KNU အထူးကွန်မန်ဒိုတပ်ဖွဲ့၊ NUG ဗျူဟာ (၃၃) လက်အောက်ခံ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်း (T5) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဟန်ချက်ညီညီ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ဒေသတွင်းရှိ စစ်ကော်မရှင်၏ အရေးပါသော ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင်နှင့် မောမစား တပ်စခန်းများကိုလည်း ယခင်က သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
KNU ကမူ ယခုဝင်းဝစခန်းသိမ်းတိုက်ပွဲ အတွင်း အသက်ပေးဆပ်ခဲ့ကြသည့် သူရဲကောင်းရဲဘော်များနှင့် အဘက် ဘက်မှ ကူညီပေးခဲ့ကြသော ပြည်သူလူထု၊ ခေါင်းဆောင်များနှင့် စစ်သည်တော်များကို အထူး အသိအမှတ် ပြုကြောင်း ထည့်သွင်းဖော်ပြထားသည်။
လက်ရှိတွင် ဝင်းဝစခန်းကို လက်လွှတ်လိုက်ရသည့်အတွက် စစ်ကော်မရှင်ဘက်က လေကြောင်းမှတစ်ဆင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်သဖြင့် ဒေသခံပြည်သူများ အနေဖြင့် လေကြောင်းရန်ကို အထူး သတိပြုကြရန် မြေပြင်စစ်ရေးသတင်းရင်းမြစ်များက သတိပေးထားသည်။