KNLA ပူးပေါင်းတပ်က တနင်္သာရီတိုင်းအတွင်း စစ်တပ် ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်။

နှစ်ပေါင်း ၂၀ ကျော် တပ်စွဲထားသည့် တနင်္သာရီတိုင်း ပုလောက စစ်တပ်၏ ကျောက်လုံးကြီး ဗျူဟာစခန်းကို KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်သည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ရေးနှင့် စီးပွားရေးအရ အလွန်အရေးပါပြီး စစ်တပ်က နှစ်ပေါင်း ၂၀ ကျော် တပ်စွဲထားသည့် တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီး ဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း (KNU)၊ မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

တနင်္သာရီမြစ်ကြောင်းတစ်လျှောက်တွင် ခဲသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိနေသဖြင့် စစ်တပ်သည် အဆိုပါ ကျောက်လုံးကြီးစခန်းမှတစ်ဆင့် ရေကင်းချကာ မြစ်အတွင်း စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။ 

သို့ဖြစ်ရာ ဤစခန်းသည် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ နှစ်ဖက်စလုံးအတွက် ရေလမ်းကြောင်း အသုံးပြု စစ်ရေးလှုပ်ရှားနိုင်မည့် ဗျူဟာမြောက် အရေးပါသော စခန်းနေရာတစ်ခု ဖြစ်သည်။

အဆိုပါ ကျောက်လုံးကြီးကျေးရွာအုပ်စုရှိ စခန်းကို KNU တပ်မဟာ (၄) ဗျူဟာအမှတ် (၁) ၏ ဦးဆောင်မှုဖြင့် K.N.D.O တပ်ရင်း (၇) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ၁၀ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီတွင် အပြီးတိုင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

၎င်းစခန်းသည် စစ်တပ်၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၂) ဗျူဟာအောက်တွင် နှစ်ပေါင်း (၂၀) ကျော် တပ်စွဲထား သည့် စစ်ဗျူဟာစခန်းတစ်ခုဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လက အနီးနားရှိ အောင်သာဝရစခန်း အသိမ်းခံရ စဉ် စစ်တပ်က စွန့်ခွာထွက်ပြေးသွားခဲ့သော်လည်း ရက်ပိုင်းအကြာတွင် ခမရ ၄၃၃ မှ အင်အား ၈၀ ခန့်ဖြင့် ဗျူဟာကာကင်းစခန်းတစ်ခု အနေဖြင့် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်တပ်ဖွဲ့ဝင်များသည် တပ်စခန်းအပြင် ကျေးရွာအတွင်းရှိ နေအိမ်များ၊ ခရစ်ယာန် ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စသည့် အရပ်သားပိုင် နေရာအများစုတွင်ပါ ဝင်ရောက်တပ်စွဲ နေရာယူထားခဲ့ကြသည်။

KNU မြိတ်-ထားဝယ်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မေ လ ၁၉ ရက်ကနေ ၂၉ ရက်နေ့အထိ တိုက်ပွဲဖြစ်ခဲ့တာ၊ အကုန်လုံး ထွက်ပြေးသွားကြတယ်၊ အရှင် တစ်ယောက် မှ မဖမ်းမိလိုက်ဘူး။ စခန်းသိမ်း တိုက်ပွဲဖြစ်နေတုန်းမှာ အနီးနားမှာရှိတဲ့ ဖားကွင်းနဲ့ ကမ်းနီကျွန်းရွာတွေကို တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့သေးတယ်။ စာသင်ကျောင်းတော့ ပျက်စီးသွားတယ် ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ ကျောက်လုံးကြီးစခန်းအတွင်းမှ မြေမြှုပ်မိုင်းများ အပါအဝင် စစ်လက်နက်ပစ္စည်း အမြောက်အများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိထားသည်။