KNU ထိန်းချုပ်နယ်မြေများကို စစ်အုပ်စု ဆက်တိုက်ဗုံးကြဲ၊ ကလေးငယ် ၂ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်မှုနယ်မြေများဖြစ်သော ကရင်ပြည်၊ ဖာပွန်ခရိုင်နှင့် တနင်္သာရီ တိုင်း၊ မြိတ်-ထားဝယ်ခရိုင်တို့အတွင်း စစ်အုပ်စုတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်း အပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့သည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်တွင် KNU တပ်မဟာ (၅) နယ်မြေဖြစ်သည့် ဖာပွန်ခရိုင် (မူတြော် ခရိုင်)၊ ဘူးသိုမြို့နယ်အတွင်းရှိ ဘွားဒဲကျေးရွာနှင့် လောဖလာသစ် (လောဖလာ့သေ့) ကျေးရွာတို့ကို စစ်အုပ်စုတပ် က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၉ တန်းကျောင်းသူတစ်ဦးတို့ ဦးခေါင်းနှင့် လက်မောင်းတို့တွင် ပြင်းထန်ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးခဲ့ပြီး ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ဒေသခံ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဘွားဒဲကျေးရွာရှိ ဘုရားရှိခိုးကျောင်း၊ စာသင်ဆောင်များ၊ ဘော်ဒါဆောင်နှင့် လူနေအိမ်များ ထိမှန်ပျက်စီး ခဲ့ရသည်။

မြေပြင်၌ အကူအညီပေးနေသူ တစ်ဦးက “တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ ရွာထဲက စာသင်ကျောင်းတွေ၊ ဘုရား ကျောင်းတွေပါမကျန် လေယာဉ်နဲ့ လာကြဲသွားတာပါ။ ကလေးတွေရော လူကြီးတွေရော ထိခိုက်သေဆုံးရတော့ လောလောဆယ်တော့ ရွာထဲမှာ ဘယ်သူမှ မနေရဲကြဘူး။ အခုတော့ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေထဲကိုပဲ အကုန်ထွက်ပြေး တိမ်းရှောင်နေကြရတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် အောက်တိုဘာလကုန်ပိုင်းမှစ၍ ဖာပွန်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေပြီး၊ စာသင်ကျောင်းနှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ကရင်အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြထားသည်။

ထိုနေ့ ညနေ ၃ နာရီအချိန်တွင်လည်း KNU တပ်မဟာ (၄) နယ်မြေဖြစ်သည့် တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်းရှိ ဝင်းကဖော်ကျေးရွာနှင့် တောင်ပျောက်ချောင်းဖျား-ရေပြတ်ရွာအကြားသို့ စစ်အုပ်စု၏ K-8W ဂျက်ဖိုက်တာ နှစ်စီးက ဗုံးကြဲတိုက်ခိုက် ခဲ့ပြန်သည်။

ထိုတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အရွယ်နှင့် ၇၃ နှစ်အရွယ် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝင်းကဖော် ကျေးရွာမှ နေအိမ် ၁ လုံးနှင့် တောင်ပျောက်ချောင်းဖျား-ရေပြတ်ရွာအကြားရှိ နေအိမ် ၂ လုံး၊ စုစုပေါင်း လူနေအိမ် ၃ လုံး ပျက်စီးခဲ့သည်။

ဒေသခံတစ်ဦးကလည်း “စစ်ကြောင်းက ရွာထဲထိုးလာသလို လေယာဉ်နဲ့ပါ ဆက်တိုက်လာပစ်နေတော့ ပြည်သူ တွေ အကုန် ထွက်ပြေးနေကြရတယ်။ အိမ်တွေလည်း ပျက်စီးကုန်ပြီလို့ ပြောတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းကလည်း ဝင်းကဖော်ရွာနှင့် အလယ်စုကျေးရွာတို့ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချခဲ့သည့်အပြင် ၂၃ မမ (23 mm) စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် KNU ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုးခြင်းနှင့်အတူ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူ အများ အပြားမှာ နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပုံစာ – KNU ထိန်းချုပ်နယ်မြေအတွင်း စစ်အုပ်စုတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက် သေဆုံးဒဏ်ရာ ရရှိသူများ။ / (ဓာတ်ပုံ – KNU)

#KNU