နယ်စပ်မြစ်များ အဆိပ်သင့်မှု အတွက် သိပ္ပံပညာရှင်များ စေလွှတ်ရန် ထိုင်းကမ်းလှမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်။

နယ်စပ်မြစ်များဖြစ်သည့် မယ်ဆိုင်မြစ်နှင့် ကော့မြစ်အတွင်း အဆိပ်အတောက် ညစ်ညမ်းမှုများကို မူလအရင်းအမြစ်မှ ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံသို့ သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များ စေလွှတ်ကူညီရန် ထိုင်းနိုင်ငံက ကမ်းလှမ်းလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပနေသည့် (၂၃) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး ပြင်ပ၌ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဖြစ်သူ ယော့ချနန် ဝေါင်ဆာဝပ် (Yodchanan Wongsawat) က မြန်မာအဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးနှင့် အင်္ဂါနေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အတွင်းရှိ မယ်ဆိုင်မြစ်နှင့် ကော့မြစ်တို့တွင် ရေထုညစ်ညမ်းမှုများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် မြန်မာဘက်ခြမ်းရှိ မူလအရင်းအမြစ် နေရာများသို့ ဝင်ရောက်ခွင့်ပြုပါက အဆိပ်အတောက်များကို ဖယ်ရှားရန် သိပ္ပံပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ခေတ်မီနည်းပညာများ ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့သည်။

အဆိုပါ မြစ်နှစ်စင်း ညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ အစောပိုင်းက ဆွေးနွေးခဲ့ကြပြီးနောက် ယခုကဲ့သို့ ကမ်းလှမ်းမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးရန်အတွက် မြန်မာဘက်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန တာဝန်ရှိသူများသည် လာမည့် နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ထိုင်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိနေသည်။

ယင်းဆွေးနွေးပွဲသို့ ထိုင်းဒုတိယဝန်ကြီးချုပ် ယော့ချနန် ကိုယ်တိုင်နှင့်အတူ သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ထိပ်တန်း သိပ္ပံပညာရှင်များလည်း တက်ရောက်မည် ဖြစ်သည်။