လက်ကျန်မြို့များ သိမ်းမည်ဟု AA ကြေညာပြီးနောက် စစ်တွေနှင့် ကျောက်ဖြူကို စစ်အုပ်စု ပိုမိုဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်။
ရခိုင်ပြည်အတွင်း သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် မြို့များကို ဆက်လက်သိမ်းပိုက်သွားမည်ဟု အာရက္ခတပ် တော် (AA) က ထုတ်ပြန်ကြေညာပြီးနောက် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ကို စစ်အုပ်စုက လေကြောင်းနှင့် ရေကြောင်းတို့မှ ပိုမိုဗုံးကြဲပစ်ခတ် တိုက်ခိုက်လာကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြော သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်တွေမြို့အနီးဝန်းကျင်သို့ စစ်အုပ်စုတပ်က လေကြောင်းမှ အကြိမ် ၁၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။
စစ်တွေဒေသခံ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက “စစ်တွေ – ပုဏ္ဏားကျွန်း နယ်စပ်ကို ဗုံးကြဲသလို စစ်တွေမြို့ဝန်းကျင်ကိုလည်း ဗုံးအလုံး တစ်ဆယ်ကျော်လောက် ချနေတာ။ အေအေက ကျန်တဲ့ ၃ မြို့ကို သိမ်း ပြီး ပြည်သူထံ ပြန်အပ်မယ်လို့ ကြေညာပြီးမှ ပိုပြီးတော့လုပ်လာတယ်။ ဂျက်တိုက်လေယာဉ်တွေနဲ့ Y-12 တွေ မြို့အနားတဝိုက် ပျံသန်းနေတယ်။ ၁၅ ရက်နေ့ နဲ့ ၁၆ ရက်နေ့ နှစ်ရက်စလုံး စစ်တွေအနီးဝန်းကျင်ကို ဗုံးကြဲခဲ့ တယ်။ ခမောင်းတော၊ ဝါဘို၊ ငပြီကျွန်း သုံးခုကို စစ်တပ် ပစ်ကူပေးနေတာ” ဟု ပြောသည်။
လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ မင်းချောင်းတံတားအနီး၌ နှစ်ဖက်တိုက်ပွဲများ ပြင်း ထန်နေပြီး စစ်အုပ်စုတပ်က ရွှေမင်းဂံအနီးဝန်းကျင် အပါအဝင် ခမောင်းတောနှင့် ဝါဘိုကျေးရွာတို့၌ စစ်ကြောင်း အင်အားများ ထပ်မံဖြည့်တင်းထားသည်။
အလားတူ ကျောက်ဖြူမြို့နယ်၌လည်း နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ အဝတောင်ကျေးရွာအနီး တိုက်ပွဲ များ ပြင်းထန်နေပြီး စစ်အုပ်စုတပ်က စနဲမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ရေကြောင်းနှင့် လေကြောင်းတို့မှ တိုက်ခိုက်လျက်ရှိသည်။
ကျောက်ဖြူဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မသိမ်းရသေးတဲ့မြို့တွေ သိမ်းမယ်လို့ ကြေညာပြီး ဒီရက် ထဲမှာ အေအေ ဘက်ကလည်း စစ်ရေးအရှိန်မြှင့်လိုက်တယ်။ စစ်တပ်ကလည်း တောင်မော်ဦးရေတပ်က စစ် ကြောင်းတွေ အဝတောင်ကနေ စနဲဘက်အထိ ဖြန့်တယ်။ တောင်မော်ဦးရေတပ်ကနေ တက်လာတဲ့ စစ်ကြောင်း တွေဟာ စနဲမြို့ အနီးဝန်းကျင် တောတောင်တွေမှာ ခြေကုတ်ယူထားပြီး ဒရုန်းအဓိက အသုံးပြုကာ အဝေးက တိုက်ခိုက်တာတွေ လုပ်နေတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်သည် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က စနဲမြို့၊ တောင်ငူစုရပ်ကွက်အား စစ်သင်္ဘော ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နိုဝင် ဘာလ ၁၅ ရက်နေ့တွင်လည်း အသေခံဒရုန်းများနှင့် လေကြောင်းတို့မှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စနဲမြို့ပေါ်ရပ်ကွက်အချို့ ထိမှန်ပျက်စီးခဲ့သည်။
ထို့ပြင် ကျောက်ဖြူတိုက်ပွဲ၌ စစ်အုပ်စုတပ်သည် ဒရုန်းများ အပြင်းအထန် အသုံးပြုနေသကဲ့သို့ သံဇစ်မြစ် အတွင်း နေရာယူထားသည့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျောက်ဖြူ-ရမ်းဗြဲ လမ်းပိုင်း ကို ပိတ်ဆို့ဖြတ်တောက်ရန် ကြိုးပမ်းလျက်ရှိသည်။
ရခိုင်ပြည်အတွင်း သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ဆက်လက် သိမ်းပိုက်ရယူကာ ပြည်သူများလက်ထဲသို့ မကြာမီ ပေးအပ်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့်သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန် အသိပေးထားခြင်း ဖြစ်သည်။
ပုံစာ – စစ်အုပ်စု စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၄ ရက်က မီးလောင်ပျက်စီးသွား သည့် စနဲမြို့၊ တောင်ငူစုရပ်ကွက်ရှိ ပြည်သူ့နေအိမ်များ။ / (ဓာတ်ပုံ – AA Info Desk)