ကျောက်ဖြူ တောင်မော်ဦး ရေတပ်စခန်းအနီး တိုက်ပွဲပြင်းထန်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် အဝတောင်-စနဲ လမ်းပိုင်းတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး တောင်မော်ဦး ရေတပ်စခန်းအနီးသို့ အေအေ၏ ထိုးစစ် ရောက်ရှိလာကြောင်း ဒေသခံ စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။
စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဆိုပါ လမ်းပိုင်း၌ စစ်အုပ်စုတပ်က စစ်ကြောင်းများခွဲ၍ စတင်ထိုးစစ်ဆင်ခဲ့ ရာမှ အေအေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ တောင်မော်ဦး ရေတပ်စခန်း၏ ကာကင်းများကို အေအေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့်အပြင် ရေတပ်စခန်းအတွင်းသို့ပါ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ရှိခဲ့သည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “လက်ရှိကျနော်တို့ကြားတာက တောင်မော်ဦး ရေတပ်ထဲကို အေအေ လက်နက်ကြီး တချို့ကျလို့ တပ်အရာရှိတွေရဲ့ မိသားစုတွေ ပြောင်းရွှေ့နေတယ်လို့ ကြားတယ်။ စနဲဘက်က ကျောက်ဖြူဘက်လာရင် အဝတောင်ပြီးရင် တောင်မော်ဦး ဧရိယာပဲလေ၊ စနဲကို အပြတ်ထိန်းဖို့ စစ်တပ်ကလုပ်တာ ထိုးစစ်ကိုအေအေက ခုခံရနင်းပြန်တိုက်လာတာ တောင်မော်ဦးအနားအထိ ရောက်လာတာ” ဟု ပြောသည်။
တောင်မော်ဦး ရေတပ်စခန်းသည် သံဇစ်မြစ်ဘေး၊ စနဲနှင့် အဝတောင်အကြား ကမ်းခြေအနီး ကုန်းလမ်းမပေါ် တွင် တည်ရှိပြီး၊ လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသဖြင့် စစ်အုပ်စုတပ် ရေတပ်စခန်းအတွင်းရှိ လက်ကျန် တပ် မိသားစုများကို ဓညဝတီ ရေတပ်ဌာနချုပ်သို့ အရေးပေါ် ရွှေ့ပြောင်းပေးနေရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၄ ရက်အတွင်း တောင်မော်ဦး တိုက်ပွဲများ ပြင်းထန်ခဲ့စဉ်ကလည်း စစ် အုပ်စုတပ် မိသားစုများအား ကျောက်ဖြူမြို့ပေါ်ရှိ တပ်ရင်းများနှင့် ဓညဝတီ ရေတပ်ဌာနချုပ်သို့ ရွှေ့ပြောင်း ပေးခဲ့ရဖူးသည်။
ဒေသခံ ပရဟိတ အမျိုးသားတစ်ဦးက “စနဲလမ်းကြောင်း၊ မျှောချောင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေကို လက်ရှိ ဒရုန်းဗုံးတွေကြဲတာတွေရှိတယ်။ ဒီလမ်းက တောင်မော်ဦးနဲ့အရမ်းနီးပါတယ်။ စစ်တပ်က အခု တောင်မော်ဦး ဘက်ပြန်ဆုတ်နေတာပါ၊ သူတို့အကျအဆုံးတော့ရှိတယ်၊ သတင်းသိပ်မထွက်ဘူး၊ စနဲလမ်းပိုင်းက အရေးပါ တော့ စစ်တပ်က လိုချင်နေတာပါ၊ ဒေသခံတွေတော့ ရှောင်နေကြတယ်” ဟု ပြောသည်။
စနဲ လမ်းပိုင်းသည် စစ်ရေးအရ အရေးပါသဖြင့် စစ်အုပ်စုတပ်က ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး တိုက်ပွဲ များနှင့် လေကြောင်း/ဒရုန်း တိုက်ခိုက်မှုများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။
ဓာတ်ပုံ – (၂၀၂၄ ခုနှစ်အတွင်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော ၂ စီးကို တွေ့ရစဉ်။ / AA Info Desk)