တောင်မော်ဦးရေတပ်အနီး တိုက်ပွဲပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦး ရေတပ်စခန်းအနီး အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထား သော ကာကင်းစခန်းအချို့ကို စစ်တပ်က ပြန်လည်ရရှိရန် စစ်ကြောင်းထိုး တိုက်ခိုက်လာသောကြောင့် ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်တပ်သည် တောင်မော်ဦး ရေတပ်စခန်းနှင့် ၅ ဖာလုံခန့်အကွာတွင်ရှိပြီး AA က ထိန်းချုပ်ထားသည့် စံပယ် ရှောင်ကုန်း၊ ဒွေးချကုန်းနှင့် မျှော်ချောင်းကုန်း စခန်းများကို ပြန်လည်ရရှိရန် ဇွန်လ ၁၂ ရက်၊ ၁၇ ရက်နှင့် ၂၀ ရက်နေ့တို့တွင် သုံးကြိမ်တိုင်တိုင် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရသည်။
ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “စစ်တပ်က အဝတောင်မှာ အင်အားပြန်ဖြည့်ပြီး ဒီလမှာ သုံးကြိမ်လောက် စစ်ကြောင်း ပြန်ထိုးတာပေါ့။ အေအေကလည်း အထိုင်အနေအထားနဲ့ စနိုက်ဘာရော မြေပြင်ရော အခိုင်အမာ ပြင်ဆင်ထားတော့ စစ်တပ်က တော်တော်အကျအဆုံးများနေတယ်လို့ သိရတယ်။ တပ်သားသစ်တွေဆိုတော့ နယ်မြေလည်းမကျွမ်းကျင်၊ အသေခံဖို့သက်သက်လို ဖြစ်နေတာပါ။ AA က အနီး ကပ်ရောက်မှ ဖြတ်တောက်တိုက်လို့ တိုက်ပွဲပြင်းထန်နေတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းအနီးရှိ အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲ များသည် ဇွန်လပထမပတ်မှ စတင်၍ ပြင်းထန်နေခြင်းဖြစ်ပြီး AA ၏ ထိုးစစ်သည်လည်း တောင်မော်ဦး ရေတပ် စခန်းအနီးသို့ တဖြည်းဖြည်း နီးကပ်လာနေသည်။
မြေပြင် သတင်းအရင်းအမြစ်က “လက်ရှိ တောင်မော်ဦး ရေတပ်စခန်းရဲ့ ကာကင်းတစ်ခုဖြစ်တဲ့ အဝတောင် စခန်းကို စစ်တပ်က နောက်ဆုတ်နေတယ်။ လက်ရှိ AA ဘက်က ထိုးစစ်ခဏရပ်နေတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တပ်သည် တောင်မော်ဦး ရေတပ်စခန်းအနီးရှိ အဝတောင်ကျေးရွာစခန်းတွင် ဒဏ်ရာရရှိသူများ နှင့် တပ်သားသစ်များဖြင့် ပြည့်နှက်နေပြီး ခံစစ်ကိုသာ ဦးစားပေးနေရသည့် အခြေအနေတွင် ရှိနေသည်။
သို့သော်လည်း အဆိုပါ အဝတောင်ကျေးရွာ အထိုင်စခန်းမှတစ်ဆင့် လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူများ အပြင် မြေပြင်စစ်ကြောင်းများကိုပါ ပြန်လည်စုဖွဲ့နေဆဲဖြစ်သည်။
အဆိုပါ တောင်မော်ဦး ရေတပ်စခန်းသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အစိတ်အပိုင်းတစ်ခုရှိရာ မဒေးကျွန်း ၏ တောင်ဘက် ၃ မိုင်ခန့်အကွာတွင် တည်ရှိသည်။
တစ်ပြိုင်တည်းမှာပင် စစ်တပ်သည် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်တွင် တည်ရှိသည့် စနဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက်လည်း ထိုးစစ်ဆင်လျက်ရှိသည်။