တော်လှန်နယ်မြေ လူငယ်များအတွက် သက်မွေးပညာများ အသုံးဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်
အသက်မွေးဝမ်းကျောင်း ပညာရေးသည် ဒုတိယတန်းစား ပညာရေးမဟုတ်ဘဲ တော်လှန်ရေးနယ်မြေက လူငယ်များ မြေပြင်မှာ ရှင်သန်နိုင်ဖို့ လက်တွေ့ကျတဲ့ လမ်းကြောင်းတစ်ခုအဖြစ် အကောင်အထည်ဖော်နေသည်။
လက်ရှိတွင် သင်တန်းဆင်းများကို လုပ်ငန်းထူထောင်နိုင်သည်အထိပံ့ပိုးပေးနေကြောင်း ကြားကာလ ပညာရေး တာဝန်ရှိသူများက ပြောသည်။
မြေပြင်တွင် အင်တာနက် အခက်အခဲနှင့် လုံခြုံရေးစိန်ခေါ်မှုများ ရှိနေသော်လည်း ၂၀၂၁ ခုနှစ်ကတည်းက စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ရှမ်းပြည်တို့တွင် ဒေသအလိုက် လိုအပ်ချက်ရှိသော ကွန်ပျူတာ၊ အပ်ချုပ်၊ ဝါးလက်မှု နှင့် ဆံပင်ညှပ်သင်တန်း အပါအဝင် မြေပြင်သင်တန်း ၂၈ မျိုးကို ဖွင့်လှစ်ခဲ့ရာ ယခု ၂၀၂၆ ခုနှစ်အထိ သင်တန်း သား ၇,၅၀၀ ကျော်ကို မွေးထုတ်ပေးခဲ့ပြီး ဖြစ်သည်။
သက်မွေး ပညာမှ ကတိကဒေါ်ရတီအုန်းက “ကျမတို့ မြေပြင်မှာ သက်မွေးပညာ သင်တန်းတွေ သင်ကြားပြီးတာ နဲ့ တစ်ပြိုင်တည်း အဲ့ဒီအထဲက အမှန်တကယ် စိတ်ပါဝင်စားပြီးတော့မှ အသက် မွေးဝမ်းကြောင်း လုပ်နိုင်မယ့် သူတွေကို အသေးစားလုပ်ငန်းလေးတွေ ထူထောင်ပေးပါတယ်။ အဲ့လိုထူထောင် ပေးတဲ့အချိန်မှာ ပြန်လည် ပေးဆပ်စရာမလိုတဲ့ အကြွေးချတာမျိုး မဟုတ်ဘဲ လုံးဝ အပြီးအပြတ် ပေးကမ်းတဲ့ ပုံစံမျိုးနဲ့ လုပ်ငန်းတွေကို လုပ်ပေးပါတယ်” ဟု ပြောသည်။
သို့သော်လည်း စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် မြေပြင်ဒေသများတွင် စစ်တပ်၏ အင်တာနက်လိုင်း ဖြတ် တောက်ထားမှုများနှင့် လေကြောင်းရန် စိုးရိမ်ရသည့် လုံခြုံရေးအကျပ်အတည်းများကြောင့် အသက်မွေးဝမ်း ကြောင်း သင်တန်းများနှင့် လုပ်ငန်းထူထောင်မှုအပိုင်း၌ ကြီးမားသည့် ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။
အထူးသဖြင့် နည်းပညာနှင့် ကွန်ပျူတာသင်တန်းများအတွက် လျှပ်စစ်မီးနှင့် အင်တာနက် အခက်အခဲရှိနေသကဲ့ သို့ သင်တန်းဆင်းပြီးနောက် အသေးစားလုပ်ငန်းများ ထူထောင်ရာတွင်လည်း ဒေသတွင်း စစ်ရေး အခြေအနေ များနှင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေခြင်းများကြောင့် ရေရှည်ရပ်တည်နိုင်ရန်အတွက် ရုန်းကန်နေရသည့် အခြေအနေများလည်း ရှိနေသည်။
သက်မွေးပညာရေး လမ်းကြောင်းသည် အလုပ်အကိုင် အာမခံချက် ပေးနိုင်ရုံသာမကဘဲ အခြေခံပညာစနစ်သစ် Grade-10 အောင်မြင်ထားသူများအပြင် ဆက်လက် ပညာသင်လိုသူများအတွက်လည်း အဆင့်မြင့်ပညာရေး အထိ တက်လှမ်းနိုင်ရန် စီစဉ်ထားသည်။
ထူးချွန်သူများအနေဖြင့် တက္ကသိုလ်၊ ကောလိပ်များကတစ်ဆင့် မဟာဘွဲ့၊ ဒေါက်တာဘွဲ့အထိ တက်လှမ်းနိုင်မယ့် ပညာရေးလမ်းကြောင်းတွေကိုပါ စနစ်တကျ ဖောက်ပေးထားကြောင်း ဆိုသည်။
တိုင်းရင်းသား ပညာရေးအကြံပေး ဆရာဦးသိန်းနိုင်ကလည်း “သက်မွေးပညာရေးဟာ လူထုရဲ့ အမြင်သဘော ထား မိဘတွေ ကျောင်းဆရာဆရာမတွေ ကျောင်းသူကျောင်းသားတွေ အနေနဲ့ အထင်ကရ ရွေးချယ် စရာလမ်း ကြောင်းကြီး တစ်ခုအနေနဲ့ တည်ဆောက်ဖို့ လိုအပ်နေတယ်။ နောက်ပြီးတော့ အထက်တန်း အထက်ဆင့်ပေါ့ နော် (Grade 10, 11, 12) တွေမှာ Vocational ပေါ့ သက်မွေးပညာ လမ်ကြောင်း ပေါ်လွင်ထင်ရှားလာဖို့ အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်ကြတာရှိမယ်။ ဒီလိုပဲ သက်မွေးပညာနဲ့ လုပ်ကိုင်စားသောက်ရင်း ဒေသတွင်းမှာ မိမိရပ်ရွာမှာ ရှင်သန်နိုင်မယ်။ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မယ်ပေါ့” ဟု ပြောသည်။
ထို့ပြင် ကြားကာလ သက်မွေးပညာရေး လမ်းကြောင်းသည် အခြေခံပညာကဏ္ဍမှ လူငယ်များအတွက်သာမက ဘဲ တော်လှန်ရေးနယ်မြေအတွင်းရှိ အဆင့်မြင့်ပညာရေး ကဏ္ဍနှင့်ပါ စနစ်တကျ ချိတ်ဆက်နိုင်ရန် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
တစ်ပြိုင်တည်းမှာပင် အဆင့်မြင့်ပညာကဏ္ဍ၌လည်း CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသားများဖြင့် တက္ကသိုလ်ကောင်စီပေါင်း ၁၅၀ ကျော်ကို ပြန်လည်စုစည်းနိုင်ခဲ့သည်။
ပညာသင်ကြားရာတွင် အွန်လိုင်းစာသင်ခန်းများအပြင် မြေပြင်လူကိုယ်တိုင်တက်ရောက်ရသည့် အတန်းများ ကိုပါ ပေါင်းစပ်သင်ကြားပေးနေခြင်း ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတုတ္ထအကြိမ်မြောက် တက္ကသိုလ် ဝင်ခွင့်ကိုပင် ခေါ်ယူခဲ့သည်။
လက်ရှိတွင် မြေပြင်၌ စစ်ကိုင်းတိုင်းရှိ ချင်းတွင်း ကွန်မြူနတီတက္ကသိုလ် (CCU) နှင့် ကရင်နီဒေသရှိ ဖန်းဆော် တက္ကသိုလ်ကဲ့သို့ မြေပြင်အခြေစိုက် တက္ကသိုလ်များကိုပါ တိုးချဲ့ထူထောင်လာနိုင်ပြီ ဖြစ်သည်။
တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် ကျောင်းသား၊ ဆရာများ ဒေသတစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းရာ၌ အဆင်ပြေစေရန် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်နေသည်။ လက်ရှိတွင် တက္ကသိုလ် အချင်းချင်း သင်ကြားမှုရလဒ်များကို အပြန်အလှန် အသိအမှတ်ပြုမည့် Credit Transfer စနစ်အတွက် ဘာသာရပ်ဆိုင်ရာ ဘုတ်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။
ဓါတ်ပုံ – (ပုံဟောင်း) ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့