ဖားကန့်နှင့် မိုးကောင်း ရေကြီးမြေပြိုမှုအတွင်း ပြည်သူများ ပိတ်မိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
ကချင်ပြည်၊ ဖားကန့်နှင့် မိုးကောင်းမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဥရုချောင်း၊ နန့်ရင်ချောင်း နှင့် နန့်ကောင်းချောင်းရေများ ရေကြီးရေလျှံနေပြီး၊ လမ်းပိုင်းအချို့တွင်လည်း တောင်ပြိုကျကာ လမ်းပိတ်ဆို့မှု များ ဖြစ်ပွားနေကြောင်း ပရဟိတအဖွဲ့များနှင့် ဒေသခံများက ပြောသည်။
ဖားကန့်မြို့နယ်တွင်မူ ဥရုချောင်း ရေကြီးရေလျှံမှုကြောင့် လူနေအိမ်များ တစ်ပတ်ကျော်ကြာ နစ်မြုပ်နေပြီး၊ ရေကြီးခြင်းနှင့်အတူ မြေပြိုမှုများပါ ကြုံတွေ့နေရသဖြင့် ဒေသခံ ၈၀၀ ကျော် အရေးပေါ်ပိတ်မိကာ ရွှေ့ပြောင်း နေကြရသည်။
မြို့တွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက “မြင်းကောင်ရေများတဲ့ စက်လှေတွေနဲ့ပဲ ခုတ်မောင်းနိုင် တာ။ အဲ့ဒါတောင်မှ ရေစီးသန်နေတဲ့အချိန်ဆိုရင် ဆန်တက်ဖို့ မဖြစ်နိုင်ဘူး။ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတဲ့ ဟာတောင် အခုလက်ရှိ ဖားကန့်နဲ့ ဆိုင်းတောင်သွားလမ်းကနေ ပတ်လမ်းပေါ့နော်။ အဲဒါတောင်မှ ဒီနေ့ဆိုရင် ဒါ မိုးအခြေအနေနဲ့ ရေကြီးတဲ့ အခြေအနေကြောင့် ကူးမပေးလို့ မရဘူး။ စက်လှေ ၂ စီး အင်ဂျင် ၂ လုံး တပ်ထား တဲ့ဟာတောင် ကူးမပေးရဲဘူးပေါ့နော်။ ဒီ ရေဘေးခံရသူတွေ တက်တာတို့ ဘာတို့ အဲလိုမျိုး ရွှေ့ပြောင်း တာတို့ ဘာတို့ လုပ်ပေးနိုင်တဲ့ အနေအထားဆိုတာ ခက်ခဲတယ်” ဟု ပြောသည်။
လက်ရှိတွင် မိုးစဉ်ဆက်မပြတ် ရွာသွန်းနေသဖြင့် ဖားကန့်မြို့နယ်အတွင်းရှိ ငှက်ပျောတော၊ မရှီကထောင်၊ ကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် လုံးခင်း စသည့်ဒေသများ၌ လမ်းများနှင့် လူနေအိမ်များအားလုံး ရေနစ်မြုပ်နေသည်။
ချောင်းဘေးနှင့် မြို့ပေါ်မြေနိမ့်ပိုင်းရှိ ရပ်ကွက်များအတွင်း နေထိုင်သူများသည် နီးစပ်ရာကုန်းမြင့်ပိုင်း၊ ဘုန်းကြီး ကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများသို့ ရွှေ့ပြောင်းနေကြရသည်။
ယမန်နေ့က ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက် ရေချောင်းဘေးတစ်နေရာတွင် မြေပြိုကျမှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး ၎င်းနောက်ဆုံး နေထိုင်ခဲ့သည့် နေရာ၌ ဖုန်းနှင့် ဖိနပ်သာ ကျန်ရှိခဲ့သည်ဟု ဆိုကြသည်။
လက်ရှိတွင် ကွန်းဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ဝိသာခါနှင့် ဂရုဏာ အစရှိသည့် ဒေသတွင်း အရပ်ဘက် ပရဟိတအဖွဲ့အနည်းငယ်သာ ကယ်ဆယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေရ သည်။
မြို့တွင်းရပ်ကွက်များ၏ အခြေအနေကိုလည်း အဆိုပါ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက “မြို့ပေါ် ရပ်ကွက် တွေထဲ ဝင်တဲ့ရေကတော့ ချောင်းရေလောက် မသန်ဘူးပေါ့နော်။ ဒါပေမဲ့ မြို့ထဲ၊ ရွာထဲ ဖြစ်နေတော့လည်း စက်လှေတွေနဲ့ လှုပ်ရှားလို့ အဆင်မပြေပြန်ဘူး။ ဖောင်တွေနဲ့ပဲ တစ်ဖက်နဲ့တစ်ဖက် ကူးရွှေ့ပြီး ဒေသခံတွေ ရွှေ့ချင်တဲ့အချိန် ရွှေ့ပေးနိုင်အောင် ဒီလိုပဲ ဝိုင်းကူညီနေကြရတာဗျာ” ဟု ဆက်ပြောသည်
ထို့အတူ ဖားကန့်-ကာမိုင်း လမ်းပိုင်းတွင်လည်း မိုးကြီးမှုကြောင့် တောင်ပြိုကျကာ လမ်းပိတ်ဆို့နေသဖြင့် မော်တော်ယာဉ်အများအပြား ဖြတ်သန်းသွားလာ၍ မရဘဲ ပိတ်မိနေသည်။
ဒေသခံတစ်ဦးက “ဖားကန့် – ကာမိုင်းလမ်း ပိတ်သွားတယ်ဆိုတာလည်း ဟုတ်တယ်ဗျ။ မိုးက တောက်လျှောက် ရွာနေတာ ဆိုတော့ဗျာ။ ဖားကန့် – ကားမိုင်း ကားလမ်းပိုင်း (တံတားညီနောင်) မှာ ကားလမ်းမ ပေါ် မြေပြိုတာ ဗျ။ အဲ့ဒါကြောင့် အခုက လမ်းပိတ်ဆို့မှု ဖြစ်သွားတာ။ ဒီရက်ပိုင်း ဖားကန့် အတက် အဆင်း ကားတွေ ယာယီ ရပ်ထားရမယ့် သဘောရှိနေပါတယ်” ဟု ပြောသည်။
တစ်ပြိုင်တည်းမှာပင် မိုးကောင်းမြို့၌လည်း နန့်ရင်ချောင်းနှင့် နန့်ကောင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ မြို့ဦး၊ ရွာသစ်၊ ဈေးကုန်း၊ ကျွန်းတော၊ နမ့်အင်း၊ အောက်ချိုင့်နှင့် နတ်ကြီးကုန်း အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာထက်မနည်း ရေဘေးသင့်ကာ ဒေသခံများ ရေလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းနေကြရသည်။
ပရဟိတအဖွဲ့များ၏ ခန့်မှန်းချက်အရ မြို့နယ်နှစ်ခုစလုံးတွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၈၀၀ မှ ၁,၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း ဆိုသည်။
လက်ရှိအချိန်အထိ နေအိမ်အပေါ်ထပ်များတွင် ပိတ်မိနေသူ အများအပြား ရှိနေဆဲဖြစ်ပြီး၊ မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူမှာလည်း ၂၄ နာရီကျော်သွားပြီ ဖြစ်သဖြင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေ ရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။
သို့သော်လည်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ဒေသတွင်းအာဏာပိုင်များနှင့် ဖားကန့်မြို့ကို တစ်ဝက်စီ ထိန်းချုပ်ထားသည့် စစ်တပ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့က တစ်စုံတစ်ရာ ပူးပေါင်းကူညီခြင်း မရှိဘဲ ဒေသခံများနှင့် ပရဟိတအဖွဲ့များက ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ လုပ်ဆောင်နေရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရန်ကုန်၊ ပဲခူး၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နောက်ထပ် ၈ ရက်မှ ၁၀ ရက်အထိ မိုးဆက်လက် ထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရေကြီးမြေပြိုမှုအန္တရာယ်များကို ဆက်လက်သတိပြုရန် လိုအပ်နေကြောင်း သိရသည်။