ဖားကန့် မှော်ဝမ်းလေးရွာ၌ အလောင်း ၂၀ ကျော် တွေ့ရှိပြီးနောက် စစ်တပ်က ရွာအဝင်အထွက်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ် (SNA) တို့ ရေရှည်တပ်စွဲခဲ့သည့် မှော်ဝမ်းလေးကျေးရွာ၌ နေအိမ်ခြံဝင်းများအတွင်း မြှုပ်နှံထားသည့် ရုပ်အလောင်း ၂၅ လောင်း တွေ့ရှိခဲ့ရပြီးနောက် စစ်တပ်က ကျေးရွာ အဝင်အထွက်ကို ပိတ်လိုက်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလနှင့် ဇွန်လဆန်းပိုင်းမှစ၍ စစ်အုပ်စုတပ်နှင့် ဝါရာဇွပ်ပြည်သူ့စစ် ပူးပေါင်းတပ်များ တပ်စွဲထားသည့် အဆိုပါ မှော်ဝမ်းလေးရွာသို့ ယခု ဩဂုတ်လဆန်းပိုင်းတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံများ အား ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုခဲ့ရာမှ နေအိမ်ခြံဝင်းများအတွင်း သန့်ရှင်းရေးလုပ်ဆောင်စဉ် ၎င်းရုပ် အလောင်းများကို စတင်တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရုပ်အလောင်းများ တွေ့ရှိရသည့် ဓာတ်ပုံနှင့် သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် စစ်အုပ်စုတပ်က ကျေးရွာအတွင်းသို့ လူထု ဝင်ထွက်သွားလာခွင့်ကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ပိတ်ပင်လိုက် ခြင်း ဖြစ်သည်။
ဖားကန့် ဒေသခံတစ်ဦးက “ရွာထဲမှာ စစ်တပ်နဲ့ တပ်ဖွဲ့တွေက ပြန်နေဖို့ ခွင့်ပြုမိန့်ပေးလိုက်တော့ ရပ်ကျေး အဖွဲ့ တွေနဲ့ ပြည်သူတွေပေါင်းပြီး မိသားစုအလိုက် ပြန်နေဖို့ ခြံရှင်းရေး လုပ်ခဲ့ကြတာပါ။ အဲဒီမှာ မသင်္ကာစရာ မြေပုံ တွေကို တူးဖော်ကြည့်ရင်းကနေ အခုလို အလောင်းတွေကို တွေ့ရတာ။ အလောင်း ၂၅ လောင်းကို အဆင့်ဆင့် တူးဖော်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ဒီသတင်းတွေ ပြန့်သွားတော့ စစ်တပ်က ရွာအဝင် အထွက် ကို ပိတ်လိုက်ပြီ” ဟု ပြောသည်။
တွေ့ရှိရသည့် ရုပ်အလောင်းများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘဲ ဖားကန့်ဒေသ၌ ရေခဲ တိုက်နှင့် DNA စစ်ဆေးနိုင်သည့် ကျန်းမာရေးဌာနများ မရှိသဖြင့် တွေ့ရှိသည့် မှတ်တမ်းများ ရယူကာ မီးသင်္ဂြိုဟ်ပေးလိုက်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အခြား ဖားကန့်ဒေသခံတစ်ဦးက “စစ်တပ်က နေခဲ့တဲ့ နေရာတွေဆိုတော့ အား လုံးခန့်မှန်းနေတဲ့ ပြည်သူတွေကို ဖမ်းပြီး ရက်ရက်စက်စက် သတ်ထားတာလည်း ဖြစ်နိုင်သလို၊ တော်လှန်ရေး အင်အားစုတွေရဲ့ ဒရုန်း ဒါမှမဟုတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ သူတို့တပ်ဖွဲ့ ဝင်တွေကို အလောင်းဖျောက် မြှုပ်ထားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
အဆိုပါ သေဆုံးသူများမှာ ပေါ်တာဆွဲခံရသည့် အရပ်သားများ၊ မပြေးနိုင်ဘဲ ဖမ်းဆီးခံရသည့် ဒေသခံများ သို့မဟုတ် စစ်အုပ်စု၏ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ဖားကန့် ဒေသခံတစ်ဦးက “စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ တပ်စွဲထားတဲ့ ကာလအတွင်းမှာ ဒေသခံ တွေကို မတရား ဖမ်းဆီးသတ်ဖြတ်ခဲ့တာလား။ ဒါမှမဟုတ် တိုက်ပွဲတွေအတွင်း သူတို့ဘက်က သေဆုံးသွားတဲ့ အလောင်းတွေကို အများပြည်သူ မသိအောင် မြှုပ်နှံထားတာလည်း ဖြစ်နိုင်ပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ခြံ ဝင်းတွေထဲအထိ အခုလို ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတာဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ် သလို ဒေသခံတွေအတွက်လည်း အတော်ကို ထိတ်လန့်စရာ ပူပန်စရာ ကိစ္စပါ” ဟု ဆက် ပြောသည်။
ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စု စစ်ကြောင်းများ ဝင်ရောက်လာပြီးနောက်ပိုင်း ဒေသခံ အရပ်သား ပြည်သူများ ကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းသွားလမ်းလာများထံမှ ငွေကြေးနှင့် နေအိမ်များအား ဓားပြတိုက် လုယက်ခြင်း များကို အဓိက ကျူးလွန်နေသည်မှာ စစ်အုပ်စုလက်အောက်ခံ မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ် ပြည်သူ့စစ် အဖွဲ့ဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်အတွင်းကလည်း လီဒိုလမ်းမပေါ်ရှိ နောင်းမီ ကျေးရွာ ဒေသခံ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ဝါရာဇွပ် ပြည်သူ့စစ်၏ လုပ်ရပ်များမှာ လူမဆန်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း ဝေဖန်ထားသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရဆဲ ဖြစ်သလို၊ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ မရှိသေးသော်လည်း စစ်အုပ်စုတပ်က လေကြောင်းမှ ကင်းထောက်ပျံသန်းမှုများ မကြာခဏ ပြုလုပ်နေသဖြင့် ဒေသခံ ပြည်သူများမှာ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်ထိတလန့်နေ ကြသည်။
ဓာတ်ပုံ – Naw Tu Aung