ဖားကန့်တွင် လက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ၂ ရက်အတွင်း ကလေးငယ် ၂ ဦး သေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖားကန့် မြို့နယ် အတွင်းရှိ အမှိုက်ပုံ ကျေးရွာနှင့် ကာလီချောင် ကျေးရွာများသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး အသက် ၇ နှစ်အရွယ် မောင်အောင်တည်ကြည်ဖြူနှင့် ၁၃ နှစ်အရွယ် မောင်ဆွတ်ဂျာအောင်တို့ သေဆုံးခဲ့ရသည်။
ယနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ဒီနေ့မနက် ၅ နာရီလောက်မှာ လက်နက်ကြီးကျတယ်။ အမှိုက်ပုံရွာကိုပေါ့ အဲ့မှာမိသားစုလိုက်ထိတာ ၂ နှစ်သားကလေးနဲ့ သူ့အဖေအမေ။ ပြီးတော့ နေ့လည်လောက်မှာ တခါ ကာလီချောင်နားမှာထပ်ပြီး လက်နက်ကြီးကျလို့ ပြည်သူ ၁၃ ဦးထိတာ ၂ ယောက်သေတယ်။ အဲ့ထဲမှာ ကလေးလေး နှစ်ယောက်ပါသွားတာ” ဟု အတည်ပြုပြောသည်။
ယနေ့ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးအနက် အမျိုးသမီး ၈ ဦးအထိ ပါဝင်နေပြီး ဖားကန့်မြို့ပေါ်တွင် စိုးရိမ်မှုများမြင့် တက်ကာ ဈေးဆိုင်များပိတ်ထားရသလို လမ်းသွားလမ်းလာများလည်း မရှိသလောက် နည်းပါးသွားသည်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “ပြည်သူတွေလည်း အစိုးရိမ်လွန်ပြီးမှ အသွားအလာတော့ သိပ်မရှိကြဘူး။ ဈေးဆိုင်တွေကအစ သိပ်ပြီးတော့မရောင်းဘူးပေါ့ဗျာ။ စစ်ရေးက တကျော့ပြန်ပြီးတော့ လှုပ်ရှားလာတော့ အားလုံးက စောင့်ကြည့်နေကြတဲ့ သဘောပေါ့” ဟု လက်ရှိအခြေအနေကို ပြောပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်မှ စတင်၍ စစ်ကော်မရှင်တပ်က ဖားကန့်မြို့အနောက်ဘက်ရှိ မရှီကထောင်နှင့် ထုံးဘိုကျေးရွာများသို့ စစ်ကြောင်းထိုးလာရာမှ တိုက်ပွဲများ စတင်ပြင်းထန်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ KG တန်းဆောင်ပေါ်သို့ လက်နက် ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အတန်းတင်စာမေးပွဲဖြေဆိုနေသည့် ၁၀ နှစ်အရွယ် ကျောင်းသားနှင့် ကျောင်းသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မိဘများက ကလေးများကို အိမ်ပြန်ခေါ်သွားကြသဖြင့် စာမေးပွဲအစီအစဉ်များ ပျက်သွားခဲ့သည်။
လက်ရှိတွင် ဖားကန့်-ဆိပ်မူ လမ်းမကြီး အပါအဝင် မြို့ပေါ်လမ်းအချို့ကို သွားလာခွင့် ကန့်သတ်ထားရပြီး မရှီကထောင်၊ ထုံးဘိုနှင့် ဂျမ်ဂတ်ဘက်များတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
ဖားကန့်ဒေသအပြင် ဗန်းမော်၊ ဝိုင်းမော်နှင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသများတွင်လည်း ကချင်လွတ်လပ် ရေး တပ်မတော် KIA ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စစ်ရေး သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။
ဓာတ်ပုံ – Hkun Naung Facebook