မွန်အစိုးရ ဖွဲ့စည်းရန် တော်လှန်ရေး အဖွဲ့များကို NRFF တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။
မွန်တော်လှန်ရေး အင်အားစုများအကြား မွန်ပြည်သူတို့လိုလားသည့် ‘မွန်အစိုးရ’ တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ရာမညဖက်ဒရယ် အင်အားစုသစ် (NRFF) က တိုက်တွန်းလိုက်သည်။
ထိုသို့ ဖြစ်ပေါ်ရန် အတွက် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုကာ ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်ဖို့လည်း NRFF က တိုက်တွန်းထားသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) တွင် ကျရောက်သည့် ၇၉ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် NRFF က သဘော ထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ လက်နက်ကိုင် တော်လှန်ရေးနှင့် နိုင်ငံရေးတိုက်ပွဲကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်မှ သာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော လွတ်လပ်သည့် မွန်ပြည်သစ်ကို ရရှိနိုင်မည်ဟု ဆိုသည်။
တော်လှန်ရေးအင်အားစုများအကြား ဘုံရည်မှန်းချက် တူညီသော်လည်း လုပ်ငန်းစဉ်ပိုင်းတွင် စိန်ခေါ်မှုများရှိနေ ခြင်းနှင့် ပတ်သက်၍ NRFF ပြောရေးဆိုခွင့်ရှိသူ နိုင်ပီတာက ယခုကဲ့သို့ ပြောသည်။
နိုင်ပီတာက “နိုင်ငံရေးအရ ဦးတည်ချက်ပေါ့လေ နောက်ပြီးတော့ ဒီတော်လှန်ရေးရဲ့ ဘုံရည်မှန်းချက်က အထွေ ထွေအားဖြင့် ဒီအင်အားစုတွေကြားထဲမှာ တူညီတယ်လို့တော့ ပြောလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ တကယ့် တကယ် သွားချင်တဲ့ နည်းလမ်းပုံစံတွေကြားထဲမှာ ညှိနှိုင်းလို့ မရနိုင်လောက်တဲ့၊ မရသေးဘူးဆိုတဲ့ အခြေအနေ မျိုးက ဒီလက်ရှိအခြေအနေမှာ စိန်ခေါ်မှုဖြစ်နေသေးတယ်လို့တော့ ကျနော် မြင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် NRFF အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုထားသည်။
အလားတူ စစ်ကော်မရှင်က ဖော်ဆောင်နေသည့် တရားမဝင် ရွေးကောက်ပွဲမှ တစ်ဆင့် ပေါ်ပေါက်လာမည့် အတုအယောင် လွှတ်တော်နှင့် အစိုးရတို့ကိုလည်း အသိအမှတ်မပြုဘဲ ဆန့်ကျင်သွားကြရန် မွန်ပြည်သူများကို တိုက်တွန်းထားသည်။
ပြည်သူလူထု၏ ပါဝင်မှုကဏ္ဍနှင့် ပတ်သက်၍လည်း နိုင်ပီတာက “ပြည်သူတွေရဲ့ တွန်းအားနဲ့ပဲ ဒီတော်လှန်ရေး က ရှေ့ဆက်နေတာပါ။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက ဒီတော်လှန်ရေးမှာ အခရာကျပါတယ်။ ကျနော်တို့ NRFF အနေနဲ့ကတော့ အမျိုးသားတော်လှန်ရေး ပန်းတိုင်ရောက်ဖို့လည်း တစိတ်တပိုင်းပါဝင်သလို၊ ဒီနွေဦး တော်လှန်ရေး အောင်မြင်ဖို့ အတွက်ပါ ကျရာအခန်းကဏ္ဍကနေ ကျနော်တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိရွေးကောက်ပွဲတွင် အနိုင်ရထားသည့် မွန်ပါတီများသည် စစ်ရာဇဝတ်မှုတွင် ကြံရာပါများဖြစ်နေပြီး၊ ၎င်းတို့၏ ကတိကဝတ်များသည်လည်း လက်တွေ့ဖြစ်နိုင်ခြေမရှိသဖြင့် ယုတ္တိမတန်ကြောင်း NRFF က ဝေဖန်ထားသည်။
NRFF အနေဖြင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းလုံးကို ဆန့်ကျင်ခဲ့ပြီး၊ နောင်တွင်လည်း မဟာ မိတ်များနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲများကို လူထုအသိပညာပေးမှုများနှင့်အတူ အရှိန်အဟုန် မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။