ရွေးကောက်ပွဲ နောက်ပိုင်း မီးပြန်ပျက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်အစိုးရ၏ အတုအယောင်လို့ ပညာရှင်တွေ သုံးသပ်ထားတဲ့ ရွေးကောက်ပွဲ ပြီးဆုံးသွားပြီးနောက် လျှပ်စစ်မီး ပေးဝေမှုမှာ ယခင်ကထက် ထက်ဝက်ခန့် လျော့နည်းသွားသည်ဟု ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲကာလ မတိုင်မီက ပုသိမ်မြို့တွင် တစ်နေ့လျှင် လျှပ်စစ်မီး အနည်းဆုံး ၈ နာရီမှ ၁၂ နာရီအထိ ရရှိခဲ့ သော်လည်း၊ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ တစ်နေ့လျှင် ၄ နာရီခန့်သာ မီးရရှိတော့သည့်အပြင် မီးလာချိန်၊ ပျက်ချိန်မှာလည်း တိကျမှုမရှိဘဲ စိတ်တိုင်းကျ ဖြတ်တောက်ခံနေရခြင်း ဖြစ်သည်။

အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက “ရွေးကောက်ပွဲမတိုင်ခင်‌လေးမှာ မီးပေးတာ တော်တော် အချိန်မှန်တာ။ တနေ့ ၈ နာရီကျော်လောက်သုံးနေရတော့ ဘဝမှန်ကိုမေ့ပြီး ဘဝင်မြင့်ချင်ချင်တောင် ဖြစ်သွား တာ။ ဘာကြာလို့လဲ ဒုံရင်းကဒုံရင်းပေါ့၊ ကျောက်ခေတ်ထဲပြန်ရောက်သွားတာပါပဲ” ဟု ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများကမူ ဤသို့ ရွေးကောက်ပွဲမတိုင်မီ မီးမှန်အောင်ပေးခဲ့ခြင်းမှာ လူထု၏ စိတ်အာရုံ ကို ဆွဲဆောင်ရန်နှင့် မဲဆွယ်ရန်အတွက် အတင်းအကျပ် စီမံဆောင်ရွက်ခဲ့သည့် ‘ဆေးမီးတိုစီမံကိန်း’ မျှသာဖြစ် ကြောင်း ဝေဖန်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရှိသွားပြီးနောက်တွင် မျက်နှာဖုံးတပ်ထားသည့် အပြုံးများ ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု အသက် ၇၀ ကျော်အရွယ် ဝါရင့်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၎င်းက “စစ်ကော်မရှင်ဟာ ပြည်သူ့အတွက်ဆိုပြီး စဉ်းစားတာ နမ်းစေ့တစ်စေ့လောက်တောင် ဘယ်တုန်းကမှ မရှိခဲ့ဘူး။ အတ္တကြီးလွန်းတယ်။ လိုချင်တာရဖို့ ခဏကောင်းပြတတ်တာဟာ သူတို့ရဲ့ ရိုးရာဗျူဟာစစ်စစ်ပဲ” ဟု ပြောသည်။

လျှပ်စစ်ဝန်ထမ်းအချို့ကမူ နွေရာသီဖြစ်သဖြင့် ထုတ်လုပ်မှုနှင့် သုံးစွဲမှုမညီမျှခြင်းကြောင့် အလှည့်ကျပေးရခြင်း ဖြစ်သည်ဟု အကြောင်းပြသော်လည်း၊ မြေပြင်တွင် မီးလာချိန်မမှန်ခြင်းက ပြည်သူများကို ပိုမိုပင်ပန်းစေသည် ဟု ပြောဆိုနေကြသည်။

ဝန်ထမ်းအိမ်ရာမှ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက “ဓာတ်အားမနိုင်လို့ အလှည့်ကျပေးတာ လက်ခံရမှာ ပေါ့။ ဒါပေမဲ့ ပေးချိန်ဖြတ်ချိန် တိကျစေချင်တာ။ ဒါဆိုရင် ချက်ဖို့ပြုတ်ဖို့ကို စီမံလို့ရတာပေါ့။ အခုက လာချင်တဲ့ အချိန်လာ၊ ပျက်ချင်တဲ့အချိန်ပျက်ဆိုတော့ အတော်ဒုက္ခရောက်တယ်” ဟု ပြောသည်။

မီးလာချိန်ကို စောင့်ဆိုင်းကာ ချက်ပြုတ်နေရသဖြင့် အခန့်မသင့်ပါက ထမင်းအိုးများ ပစ်လိုက်ရသည့်အထိ ဆုံးရှုံးမှုများရှိနေကြောင်း အမှတ် (၈) ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“သက်သာမလားလို့ မီးလာချိန်လေးစောင့်ပြီး ထမင်းအိုးတည်ပါတယ်။ ထမင်းမကျက်ခင် မီးပျက်‌တော့ ပစ် လိုက်ရ‌ရော။ မရှိမဲ့ရှိမဲ့ ပိုက်ဆံ‌လေးနဲ့ ဝယ်ထားရတဲ့ ဆန်လေး နှမြောလိုက်တာ မပြောပါနဲ့တော့။ ဖြစ်ပေါင်း များနေတော့လည်း လျှပ်စစ်က မောင်မင်းကြီးသားတွေ ကျန်းမာပါစေ ဆုတောင်းပေးရတာ အမောပဲ။”

ထို့ပြင် ပုသိမ်မြို့ခံများမှာ လျှပ်စစ်မီးကို တစ်နေ့ ၄ နာရီခန့်သာ သုံးစွဲရသော်လည်း၊ လကုန်တွင် ကျသင့် ယူနစ် ထက် ပိုမိုကောက်ခံသည့် မီတာခပြဿနာများနှင့်ပါ ရင်ဆိုင်နေရကြောင်း မြို့ခံများက ပြောသည်။

ရွေးကောက်ပွဲအလွန် ပုသိမ်မြို့၏ လျှပ်စစ်မီးအခြေအနေမှာ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို သိသိသာသာ ထိုးနှက်လျက်ရှိသည်ဟု ပြောဆိုနေကြသည်။