ကယန်း အမျိုးသားနေ့ အခမ်းအနားများ နေရာခွဲ ကျင်းပခဲ့ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်။ 

ကရင်နီ (ကယား) ပြည် အတွင်းရှိ နယ်မြေလုံခြုံရေး အခြေအနေများကြောင့် (၂၆) ကြိမ်မြောက် ကယန်း အမျိုးသားနေ့ အခမ်းအနားကို ယခင်နှစ်များကဲ့သို့ စုပေါင်းကျင်းပနိုင်ခြင်းမရှိဘဲ ဒေသအသီးသီး၌ နေရာခွဲ၍ အကန့်အသတ်များဖြင့်သာ ကျင်းပခဲ့ကြရသည်။

ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ကယန်းအမျိုးသားနေ့ကို ယခင်က ကယန်းဒေသအတွင်း သတ်မှတ် ထားသည့် စုရပ်တစ်ခုတည်း၌ ခမ်းနားစွာ ကျင်းပခဲ့ကြသော်လည်း၊ ယခုနှစ်တွင်မူ စစ်ရေးနှင့် လုံခြုံရေးစိုးရိမ် ချက်များကြောင့် ဒီးမော့ဆို၊ ဖယ်ခုံ၊ ဆီးဘူး၊ ပီကင်းနှင့် သံတောင် အစရှိသည့် နေရာ (၇) ခုထက်မနည်း ခွဲ၍ ကျင်းပခဲ့ရသည်။

ကယန်းအမျိုးသမီးအစည်းအရုံး (KYWO) ၏ တွဲဖက်အတွင်းရေးမှူး-၁ မူထရီဇာက ပုံမှန်နှစ်တွေမှာ ဆိုလို့ရှိရင် နေရာ တစ်နေရာထဲကိုပဲ ကြီးကြီးမားမား လုပ်တယ်ပေါ့နော်။ ဒီနှစ်မှာတော့ ကရင်နီပြည် ကယန်းဒေသကို ကြည့်မယ် ဆိုလို့ရှိရင် ဒီးမော့ဆို အနောက်ခြမ်းမှာ၊ ဖယ်ခုံမြို့နယ်မှာ လုပ်တာရှိတယ်။ အလယ်ကယန်းဒေသ ဆီးဘူးမှာ လုပ်တာလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ ကျမတို့ နေရာကို သုံးလေးခု လောက် ဖြန့်ကျက်ပြီးတော့ လုပ်လိုက်နိုင်တယ် ဟု နေရာခွဲကျင်းပခဲ့ရသည့် အခြေအနေကို ပြောသည်။

လုံခြုံရေးအရ နေရာဖြန့်ကျက်ကျင်းပခဲ့ရသော်လည်း ဒေသခံလူထု၏ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်း ပါဝင်မှုမှာ အားကောင်းခဲ့ပြီး၊ အခမ်းအနားသို့ မတက်ရောက်နိုင်သည့် စစ်ဘေးရှောင်များကလည်း မိမိတို့ စခန်း များ၌ပင် ကိုယ်ထူကိုယ်ထ အစီအစဉ်များဖြင့် ကျင်းပခဲ့ကြသည်။ 

မူထရီဇာကပင် ဆက်လက်၍ ဘယ်လိုအခြေအနေ ဘယ်လို နေရာမျိုးမှာပဲ ရောက်ရောက် ကယန်းအမျိုးသား နေ့၊ ကယန်းနှစ်သစ်ကူး အခမ်းအနားတွေကို ကျင်းပနေဖို့လိုတယ် ဟု ပြောသည်။

ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ၏ ဒုဥက္ကဋ္ဌ မူမာရီယာကလည်း ယခုကဲ့သို့ အခြေအနေများကြားမှ အမျိုးသားနေ့ကို ဆက်လက်ကျင်းပရခြင်းသည် လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာ (Identity) ကို ထိန်းသိမ်းရန်ဖြစ်ကြောင်း ဆိုသည်။ 

မူမာရီက အဓိက ရည်ရွယ်ချက်က အမျိုးသားအမှတ်အသား (Identity) ကို တည်တံ့စေရန် ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ ထိန်းသိမ်းရန် ကယန်းလူမျိုးအတွင်း ညီညွတ်မှု တည်ဆောက်ရန် ဖြစ်တယ် ဟု ပြော သည်။

ထို့အပြင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ရှေးယခင်က ရှိခဲ့သည့် မညီညွတ်မှု အယူအဆအစွဲများကို ဘေးဖယ်ကာ ညီညွတ်မှု မှတ်တိုင်သစ် တည်ဆောက်ကြရန်လည်း KNGY က တိုက်တွန်းထားသည်။ 

လူငယ်တွေ အနေနဲ့ မညီညွတ်မှု အမွေအနှစ်ကို ဆက်မယူသွားဖို့လိုတယ်။ သမိုင်းတစ်လျောက် မရှိခဲ့ဖူးသော ညီညွတ်မှုကို ဒီမျိုးနွယ်စုလူငယ်အင်အားဖြင့် အတွေးအခေါ်အသစ်နဲ့ ညီညွတ်မှုအတွက် သမိုင်းမှတ်တိုင် တည် ဆောက်သွားဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုပါတယ် ဟု မူမာရီယာက ပြောသည်။

ကယန်းအမျိုးသားနေ့ကို ကျင်းပရခြင်းသည် ကယန်းလူမျိုးတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု အမွေ အနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ဒုဥက္ကဋ္ဌ မူမာရီယာက ဆိုသည်။ 

၎င်းက ကယန်းခေါင်းဆောင်များသည် ကယန်းဝိသေသလက္ခဏာများ ထိန်းသိမ်းနိုင်ရေးအတွက် ၂၀၀၀ ပြည့်နှစ် တွင် ကျင်းပသည့် ပထမအကြိမ် ကယန်းအမျိုးသားညီလာခံ၌ ဧပြီ ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် စတင် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ်တွင် (၂၆) ကြိမ်မြောက်အထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ယခုနှစ် ကယန်းအမျိုးသားနေ့ကို ပြည်တွင်း၌သာမက ဂျပန်၊ ကိုးရီးယား၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံရောက် ကယန်း လူမျိုးများကလည်း သက်ဆိုင်ရာ နိုင်ငံအလိုက် အခမ်းအနားများကို ကျင်းပခဲ့ကြသည်။