ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် ရှမ်းပြည် ခရီးစဉ်အတွင်း မဟာမိတ် လက်တွဲ ဆောင်ရွက်ရေး ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်။
ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်သည် ဧပြီလပထမပတ်တွင် ရှမ်းပြည် မြောက်ပိုင်းသို့ သွားရောက်ကာ မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့များနှင့် SSPP တို့မှ ထိပ်ပိုင်း ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ၍ မဟာမိတ်အချင်းချင်းကြား အတူတကွ လက်တွဲ လုပ်ဆောင်ရေးကို ဦးစားပေးရန် ဆွေးနွေးခဲ့သည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်သည် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် ရှမ်းတပ် (SSPP/SSA) တို့ကို သီးခြားစီ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ မဟာမိတ်တပ်များအကြား မကြာခင် က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တော်လှန်ရေးအင်အားစုများအကြား ပြန်လည်စည်းလုံးရန် တိုက်တွန်းခဲ့သည်။
ဧပြီလ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ တွေ့ဆုံမှုများနှင့် ပတ်သက်၍ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ အတည်ပြု ပြောဆိုသည်။
“ကျနော်တို့ KIO/KIA ရဲ့ တောင်ပိုင်းဖက်မှာရှိနေတဲ့ စစ်တပ်တွေ၊ အရပ်ဖက်ဌာနတွေက အဖွဲ့သားတွေကို လာပြီးကြည့်ရှုတာ၊ အားပေးစကားပြောတာပါ။ လာတဲ့အချိန်မှာ MNDAA၊ TNLA နဲ့ SSPP/SSA အဖွဲ့ တွေနဲ့လည်း တစ်ဖွဲ့ချင်းစီ တွေ့ခဲ့ပါတယ်။ ဒါဟာ မဟာမိတ်တွေဆိုတော့ လာရင်းနဲ့တွေ့တဲ့ သဘောမျိုးပါပဲ။”
ပြီးခဲ့သည့် မတ်လအတွင်းက MNDAA နှင့် TNLA တပ်ဖွဲ့များကြား နယ်မြေအငြင်းပွားမှုကြောင့် ပဋိပက္ခအချို့ ဖြစ်ပွားခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ ခရီးစဉ်သည် အဆိုပါ တင်းမာမှုများကို လျှော့ချရန်နှင့် အချင်းချင်း လေးစားမှုရှိရန် အဓိက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်၍ “MNDAA နဲ့ TNLA တွေ ပဋိပက္ခဖြစ်တာတွေကို အချင်းချင်းနားလည်ဖို့၊ လေးစားမှုနဲ့ ပြန်ပြီးပူးပေါင်းနေထိုင်ဖို့ လိုလားတဲ့အကြောင်းတွေကို ပြောထားပါတယ်။ TNLA နဲ့ဆိုရင်လည်း ပလောင်နဲ့ ကချင်ဟာ ယခင်ကတည်းက အတူတူယှဉ်တွဲနေထိုင်လာတဲ့ တိုင်းရင်းသားတွေဖြစ်သလို၊ တော်လှန် ရေး လောကမှာလည်း အတူလက်တွဲလာတာမို့ ဆက်ပြီးတော့လည်း အချင်းချင်း အားကိုးအားထားပြုပြီး နေဖို့ ပြောထားပါတယ်” ဟု ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်သည် KIA က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်အစိုးရတပ်ထံမှ တိုက်ခိုက် သိမ်းပိုက် ထားခဲ့သည့် နမ့်ဖတ်ကာကျေးရွာသို့လည်း ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ဒေသခံ ကချင်နှင့် တအာင်း လူထုကို တွေ့ဆုံကာ နိုင်ငံရေးဆိုင်ရာ အသိပေးပြောကြားမှုများ ပြုလုပ်ခဲ့သည်။
သို့သော်လည်း အဆိုပါ ခရီးစဉ်အတွင်း စစ်ရေးဆိုင်ရာ ပေါ်လစီအသစ်များ ချမှတ်ခြင်းမျိုး မရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
“ထူးထူးထွေထွေ ပေါ်လစီနဲ့ဆိုင်တာတွေ၊ စီမံကိန်းနဲ့ ပတ်သက်တာတွေ၊ အထူးစစ်ဆင်ရေး လုပ်ဖို့ ကိစ္စတွေ ဘာမှမရှိပါဘူး။ မိတ်ဟောင်းဆွေဟောင်းတွေကို လာတွေ့တဲ့ သဘောပါပဲ။ ပြည်သူလူထုလည်း ပဋိပက္ခတွေ ကြောင့် စိတ်ဆင်းရဲ ကြောက်ရွံ့တာမျိုး မဖြစ်ဖို့ အတူတူလက်တွဲပြီး ကျော်ဖြတ်ဖို့ ခွန်အားပေး စကားတွေ ပြောထားပါတယ်။”
တစ်ဖက်တွင်လည်း KIO သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများ (KNU, KNPP, CNF) နှင့် ပူးပေါင်းကာ ‘ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ’ ကို မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းကြောင်း ကြေညာထားသည်။
ထို့ကြောင့် ယခု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ ရှမ်းမြောက်ခရီးစဉ်မှာ အဆိုပါ ဦးဆောင်ကောင်စီတွင် ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားတပ်ဖွဲ့များ ထပ်မံပါဝင်လာရေးအတွက် စည်းရုံးလှုံ့ဆော်သည့် သံတမန် ရေးရာ လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ရှုမြင်နေကြသည်။
စစ်အာဏာရှင် ဖြုတ်ချရေးအတွက် KIA၊ TNLA၊ MNDAA နှင့် SSPP စသည့် အင်အားကြီး လေးဖွဲ့စလုံး စစ်ရေး၊ နိုင်ငံရေးအရ ပြန်လည်စည်းလုံးလာစေမည့် အပြုသဘောဆောင်သည့် အလှည့်အပြောင်းတစ်ခု ဖြစ်လာရန် ဒေသခံပြည်သူများက မျှော်လင့်စောင့်ကြည့်နေကြသည်။