မိုးမိတ်မြို့အနီး တိုက်ပွဲများ ပြန်လည်ပြင်းထန်နေပြီး စစ်တပ်က ဆက်တိုက်ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် မြေပြင်တိုက်ပွဲများအတွင်း အထိနာနေသည့် စစ်အုပ်စုတပ်က စစ်ကူ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းကာ ဂျက်တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များအသုံးပြု၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် မိုးမိတ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းများ ရေနစ်မြုပ်နေသဖြင့် ဒေသခံပြည်သူများ အခက်အခဲ မဖြစ်စေရန် ရည်ရွယ်၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များဘက်က စစ်ရေးလှုပ်ရှားမှုများကို ခေတ္တရပ်ဆိုင်းပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် စစ်အုပ်စုတပ်ဘက်က တွင်းငယ်ကျေးရွာရှိ (တကက ၁၃) မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းကာ စစ်ကြောင်း ထိုး ဝင်ရောက်လာခြင်းကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မြို့ပြင်ဘက်၌ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မိုးမိတ်မြို့ပြင်ဘက်၌ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြို့ ပြင်ဘက်သို့ ထိုးဖောက်လာသည့် စစ်အုပ်စု၏ စစ်ကြောင်းအချို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ပြင်ဆင်ထားရှိမှုနှင့် ပတ်သက်၍ တော်လှန်ရေးရဲဘော်တစ်ဦးက “စစ်တပ်ဘက်က မြေပြင်မှာ အင်အားအလုံးအရင်းနဲ့ ဆက်တိုက် ထိုးစစ်ဆင်နေသလို အထိနာတိုင်း လေယာဉ်တွေနဲ့ပါ ဗုံးကြဲပြီး အပြင်းအထန် ခုခံနေတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်ကလည်း မြို့တွင်းဧရိယာအထိ စခ စစ်ကြောင်းတွေ မရောက်လာအောင်နဲ့ ပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ခုခံစစ်ဆင်နေပါတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်က ထိခိုက်ကျဆုံးမှု များပြားနေသည့်အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ ဂျက်တိုက်လေယာဉ်များ၊ Y-12 သယ်ယူပို့ဆောင်ရေး လေယာဉ်များအပြင် ဒရုန်းများ နှင့် လက်နက်ကြီးများပါ အသုံးပြု၍ အပြင်းအထန် ပစ်ကူတိုက်ခိုက်နေခြင်း ဖြစ်သည်။
မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ လက်ရှိတွင် စစ်အုပ်စုတပ်မှာ မိုးမိတ်မြို့တွင်းကိုသာ ထိန်းချုပ်ထားနိုင် တော့သည့် အနေအထားတွင် ရှိနေသည်။
ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “မိုးတွေကလည်း တအားသည်းနေတဲ့အထဲ မြေပြင်မှာလည်း စစ်တပ်က အထိနာလို့ဆိုပြီး လေယာဉ်တွေနဲ့ တောက်လျှောက် လာကြဲနေတာ။ မြို့ပေါ်အထိ တိုက်ပွဲတွေ ရောက်လာမှာကို ဒေသခံတွေအနေနဲ့ အရမ်းကို စိုးရိမ်နေကြတာ။ အခုက တချို့ဆိုရင် ဘေးလွတ်ရာကို ထွက်ပြေးရှောင်ကုန်ကြ တာလည်း ရှိတယ်။ တချို့ဆိုတာထက် တော်တော်များများ ရှောင်ကုန်ကြပြီလို့ ပြောလို့ရတယ်” ဟု ပြောသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလက ပလောင်လွတ်မြောက်ရေးတပ်ဦး (TNLA) ထံမှ စစ်အုပ်စုတပ် ပြန်လည် ထိန်းချုပ်ထားခဲ့သည့် မိုးမိတ်မြို့ကို KIA နှင့် ပူးပေါင်းတပ်များက ယခုနှစ် ဩဂုတ်လကတည်းက ပြန်လည်ထိုး စစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲများမှာ မြို့တွင်းဧရိယာဘက်သို့ ဦးတည်ကူးစက်လာနိုင်ချေ ရှိနေသဖြင့် ဒေသခံပြည်သူများ မှာ အချိန်မရွေး ထွက်ပြေးတိမ်းရှောင်ရရန် အသင့်ပြင်ဆင်နေကြရသည်။
ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း မိုးမိတ်-မိုးကုတ်နှင့် မိုးမိတ်-သပိတ်ကျင်း လမ်းပိုင်းများကို အသုံး ပြုသွားလာမည့် ခရီးသွားပြည်သူများအနေဖြင့် စစ်ရေးအခြေအနေနှင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြု သွားလာကြရန် သတိပေး ထုတ်ပြန်ထားသည်။
ပုံစာ – (မိုးမိတ်မြို့အဝင်၌ မန္တလေး PDF ရဲဘော်များအား တွေ့ရစဉ်။ – ပုံဟောင်း / ဓာတ်ပုံ – MDY PDF)