စစ်တပ်က ပူတာအိုနှင့် ခေါင်လန်ဖူးတွင် စစ်ပြင်ဆင်နေဟု KIO ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
ကချင်ပြည် အထက်ပိုင်း ပူတာအိုနှင့် ခေါင်လန်ဖူးဒေသများသို့ စစ်ကြောင်းထိုးရန်အတွက် စစ်တပ်က အင်အားဖြည့်တင်းခြင်း အပါအဝင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။
လက်ရှိတွင် စစ်တပ်သည် အဆိုပါဒေသများသို့ ခဲယမ်းမီးကျောက်၊ စားနပ်ရိက္ခာနှင့် စစ်သည်အင်အား အများ အပြား ပို့ဆောင်ကာ စစ်ရေးပြင်ဆင်နေခြင်းဖြစ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ပူတာအို ခေါင်လန်ဖူးဖက်မှာကတော့ အဓိကကတော့ သူတို့အခုချိန်မှာက လက်နက်ခဲယမ်းတွေ နောက် ဒီစားနပ်ရိက္ခာတွေ အင်အားတွေ စုနေတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့ဟာ ခေါင်လန်ဖူးဖက်မှာလည်း ရွာမှာ လည်း အဲဒီစားနပ်ရိက္ခာတွေ လက်နက်ခဲယမ်းတွေ စုထားတာ ရှိသလို သူတို့လိုအပ်မယ်လို့ ထင်တဲ့နေရာမှာ စစ်ကြောင်းထိုးရင် အဆင်ပြေမဲ့ နေရာတွေကို ပြည်သူလူထုကို ထမ်းခိုင်းပြီးမှ ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ပို့ထားစုထားတာ ရှိပါတယ်။ ဆိုတော့ ခြုံပြီးမှ ပြောမယ်ဆိုလို့ရှိရင် သူတို့ စစ်ပြင်ဆင်နေတဲ့ အနေအထားကို တွေ့ရပါတယ်။”
စစ်တပ်၏ စစ်ရေးပြင်ဆင်မှုများ အတွင်း ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းတွင် KIA နှင့် တိုက်ပွဲတစ်ကြိမ် ဖြစ် ပွားခဲ့သေးသည်။
ဗိုလ်မှူးကြီး နော်ဘူက “ဆွမ်ပရာဘွမ်း ပူတာအို လမ်းဖက်မှာကတော့ လွန်ခဲ့တဲ့အပတ်မှာ ဆွမ်ပီယန်နဲ့ အဲဒီ အင်ဂျန်းယန်ကြားက တဂတ်ဆိုတဲ့ နေရာမှာ တိုက်ပွဲတစ်ခါဖြစ်ပါတယ်။ အဲဒါကတော့ ဆွမ်ပီယန်မှာ ထိုင်နေတဲ့ သူတို့ တပ်ဖွဲ့တွေကို ပြန်ပြီးမှ သွားလဲတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာ ရှိပါတယ်” ဟု ဆက်ပြောသည်။
ပူတာအိုနှင့် ခေါင်လန်ဖူးဒေသများသို့ စစ်ကြောင်းထိုးရန် စစ်ရေးပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် အခြားတစ်ဖက်တွင် စစ်တပ်က အင်အားဖြည့်တင်းမှုများနှင့်အတူ စစ်ကြောင်းအများအပြားအသုံးပြုကာ ထိုးစစ် ဆင်နေသဖြင့် ရွှေကူနှင့် ဗန်းမော်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး ရွှေကူမြို့နယ် အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်နေသည်။
ထို့ပြင် ဖားကန့်၊ ဝိုင်းမော်၊ အင်းတော်ကြီးနှင့် ဆွမ်ပရာဘွမ် ဒေသများတွင်လည်း စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားနေသည်။
လက်ရှိတွင် စစ်တပ်ဘက်က ခဲယမ်းနှင့် ရိက္ခာအင်အား အလုံးအရင်း ပို့ဆောင်ထားသည့် အနေအထားအရ အဆိုပါ ပူတာအိုနှင့် ခေါင်လန်ဖူးဒေသများတွင်လည်း အချိန်မရွေး တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက သတိပေးသည်။
စစ်တပ်သည် ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို ‘ရက် ၁၀၀ စီမံချက်’ ဖြင့် ပြန်လည်ရယူရန် ကချင်ပြည် အပါအဝင် ဒေသအချို့တွင် ထိုးစစ်များကို အရှိန်မြှင့်နေသည်။
အဆိုပါ ထိုးစစ်များကြောင့် စစ်ရေးပဋိပက္ခဒေသရှိ ပြည်သူများမှာ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းနှင့် ဖမ်းဆီးနှိပ်စက်ခံရမှုများနှင့် ရင်ဆိုင်နေရသည်။
ထို့ပြင် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုများကြောင့် ဒေသခံများ ယခင်ထက် ပိုမိုဆိုးရွားစွာ ဒုက္ခရောက်နေကြရကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောသည်။