မြန်မာဘူမိဗေဒနှင့် ငလျင်ပညာရှင် ဒေါ်လှလှအောင် ၂၀၂၆ ခုနှစ် အာဆီယံဆု ချီးမြှင့်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
မြန်မာနိုင်ငံမှ ဘူမိဗေဒနှင့် ငလျင်ပညာရှင် ဒေါ်လှလှအောင်သည် ၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2026) ကို ချီးမြှင့်ခံခဲ့ရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် ၄၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ကာအို ကင်ဟွန်း တို့က အဆိုပါဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ နာယကတစ်ဦးလည်းဖြစ်သည့် အသက် ၇၉ နှစ်အရွယ် ဒေါ်လှလှအောင် သည် သိပ္ပံနည်းကျ သုတေသနများကို ရပ်ရွာလူထု လက်တွေ့အသုံးချနိုင်သည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ရွေးချယ်ဂုဏ်ပြုခံရခြင်း ဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံအတွင်းရှိ ပြတ်ရွေ့ကြောင်းများကို ဖော်ထုတ်နိုင်ခဲ့သကဲ့သို့ ငလျင်လှုပ်ခတ်နိုင်သည့် နေရာများကိုလည်း သတိပေးနိုင်ခဲ့ပြီး ၎င်း၏ ကြိုးပမ်းမှုများသည် မြန်မာနိုင်ငံသာမက အာဆီယံဒေသတွင်း ငလျင်ဘေး ကြိုတင်ပြင်ဆင်မှုအတွက်ပါ များစွာအထောက်အကူ ဖြစ်စေခဲ့သည်။
၂၀၁၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့သည့် အာဆီယံဆုသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ထူးခြားစွာ စွမ်းဆောင်နိုင်သူများကို ပေးအပ်ခြင်းဖြစ်ပြီး ဒေါ်လှလှအောင် သည် ၉ ဦးမြောက် ဆုရှင် ဖြစ်လာသည်။
အဆိုပါဆုအတွက် အာဆီယံဆုတံဆိပ်နှင့်အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ကိုလည်း ချီးမြှင့်ခဲ့သည်။