အရပ်သားများအပေါ် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ပိုများလာဟု မွန်လူ့အခွင့်အရေး အဖွဲ့ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် အရပ်သားပြည်သူများအပေါ် ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ပိုမိုလုပ်ဆောင်လာကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေး ရှင်း (HURFOM) က ပြောသည်။
အထူးသဖြင့် မွန်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ရေးပဋိပက္ခများအပြင် ရေကြီးမြေပြိုမှုကဲ့သို့ သဘာဝဘေးအန္တရာယ်ဒဏ် ခံစားနေရသည့် အရပ်သားပြည်သူများကိုပါ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက်ရှိကြောင်း HURFOM ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။
“လက်ရှိ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေဟာ စစ်ရေး တိုက်ခိုက်မှုတွေတင် မဟုတ်ဘဲနဲ့ သဘောဝဘေး အန္တရာယ်တွေနဲ့ နောက်ဆက်တွဲ ဒုက္ခတွေကိုပါ ရင်ဆိုင်နေကြရတာ ကျနော်တို့ မျက်မြင်ပါပဲနော် အထူးသဖြင့် ကျနော်တို့ ကရင်ပြည်နယ် တဝန်း မွန်ပြည်နယ် တနင်္သာရီတို့မှာနော် ရေကြီး မြေပြိုတာတွေ နေအိမ်ဆုံးရှုံးရတဲ့ မိသားစုတွေ ပြန်လည်ထူထောင်ရေး လုပ်နေချိန်မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထပ်မံပြီးတော့ ကျနော်တို့ နေရပ်စွန့်ခွာမှုတွေ ထပ်ပြီးတော့ ကျနော်တို့ ထပ်ဆင့် ကြုံနေရတာရှိတယ်။ ဥပမာ ဒီအောက်တို ဘာလ ၃၀ ရက်နေ့မှာ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ရေကြီး မြေပြိုဒဏ်ခံနေရတဲ့ အတောအတွင်း မှာတင် ဗုံးကြဲ တိုက်ခိုက်မှုတွေကို မလျှော့ဘူးပေါ့နော်။ အရပ်သားတွေ သေဆုံးရတယ်။ ဒဏ်ရာရကြတယ် ပေါ့နော်။”
ယခု နိုဝင်ဘာလအတွင်း၌လည်း စစ်အုပ်စုတပ်သည် ကရင်ပြည် ဖာပွန်ခရိုင်ရှိ ကျမ်းစာကျောင်း၊ ရခိုင်ပြည် မြောက်ဦးမြို့ရှိ သားဖွားဆေးရုံ၊ ပုဏ္ဏားကျွန်း ဗျာလစစ်ရှောင်စခန်း နှင့် ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက် ခြမ်းရှိ စာသင်ကျောင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မွေးကင်းစကလေးငယ်နှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
ထို့အတူ အောက်တိုဘာ ၁၃ ရက်ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးရွာ လေကြောင်းတိုက်ခိုက်ခံ ရမှုကြောင့် အရပ်သား ၅ ဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း HURFOM ၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။
စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် ဘာသာရေးအဆောက်အအုံများသည် နိုင်ငံတကာစစ်ဥပဒေအရ သီးခြားအကာအကွယ်ပေးထားသည့် အရပ်သားပစ်မှတ်များ ဖြစ်သော်လည်း စစ်အုပ်စုတပ်က စစ်စည်းကမ်း များကို မျက်ကွယ်ပြု ချိုးဖောက်နေကြောင်း နိုင်အဲမွန်က ထောက်ပြသည်။
“အဓိကအားဖြင့် အသက်ရှင်ခွင့် လူသားတိုင်း အသက်ရှင်နေထိုင်ခွင့် လုံခြုံစွာနေထိုင်ခွင့် ကျန်းမာရေးနဲ့ ပညာ ရေးဆိုင်ရာ သင်ကြားခွင့် လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်ခွင့် ဆိုတဲ့ဟာတွေကို ပြင်းပြင်းထန်ထန် အဲဒီအခွင့်အ ရေးတွေကို ထိခိုက်နေတာကို မျက်ဝါးထင်ထင် ကျနော်တို့ တွေ့နေရတာဖြစ်တယ်။ RHL Law အရဆိုရင်လည်း ကျနော်တို့ စစ်ရေးပစ်မှတ်နဲ့ အရပ်သားပစ်မှတ်တွေကို ခွဲခြားရမဲ့ Principle of Distinction ဆိုတာ ရှိတယ်။ ဆိုတော့ အရပ်သား ထိခိုက်မှုကို အလွန်အကျွံ မဖြစ်စေရမဲ့ Protocol တွေလည်း ရှိထားတယ်။ ဒါတွေကို သူတို့ ဘာတစ်ခုမှ မလိုက်နာပဲနဲ့ ကျနော်တို့ ဒီစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတာ ဖြစ်တယ်။”
တစ်ဖက်တွင် စစ်အုပ်စု၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးရရှိရန် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
ထို့နောက်ပိုင်းတွင် နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များ ပိုမိုပြင်းထန်လာခဲ့သည်။
နိုင်အဲမွန်က “ကျနော်တို့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ပြောဆို ချက်တွေထက် မြေပြင်မှာ အရပ်သားတွေရဲ့ အခြေအနေ တကယ်ပြောင်းလဲလာသလားဆိုတာ အဓိက ကြည့်ဖို့ တိုက်တွန်းနေပါတယ်နော်။ ဒါတွေကို မျက်ကွယ်ပြုလို့ မရပါဘူး။ ကျူးလွန်ထားတဲ့ ချိုးဖောက်မှုတွေ အတွက် တာဝန်ယူဖို့ တာဝန်ခံဖို့ဆိုတဲ့ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လိုပါတယ်။ ဒါမှလည်း ကျနော်တို့ ငြိမ်းချမ်း ရေးဆိုတာ စပြီးတော့ အသက်ဝင်ဖို့ ဒီယုံကြည်မှုတွေ တည်ဆောက်ဖို့အတွက် ကနဦးခြေလှမ်းတွေ ဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါတွေဆက်ပြီး ရှိနေလို့ကတော့ ဘယ်လိုမှ ငြိမ်းချမ်းရေးဆိုတဲ့ ဒီလမ်းကြောင်းကို သွားလို့ရမှာ မဟုတ်ပဲနဲ့ တသက်လုံးပဲ စစ်အုပ်စုနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု တံတိုင်းဟာ ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ရမှာ မဟုတ်ဘဲနဲ့ ဒီအတိုင်းပဲ ဆက်သွားနေလိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်က လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည် ရယူရန် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ထိုသို့ ထိုးစစ်ဆင်နေခြင်းကြောင့် ပဋိပက္ခဒေသရှိ ပြည်သူများမှာ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခံရခြင်း နှင့် လက်နက်ကြီး၊ ဒရုန်းအပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ယခင်ကထက် ပိုမိုရင်ဆိုင်နေရသည်။
(Photo Credit: Myanmar military)