ငြိမ်းချမ်းရေးအတွက် ဗုံးကြဲသည်ဟူသော စစ်အုပ်စု ပြောဆိုချက် ဝေဖန်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်။

ငြိမ်းချမ်းရေး ရရှိရန်အတွက် ဗုံးကြဲတိုက်ခိုက်ရခြင်းဖြစ်ကြောင်း စစ်အုပ်စု၏ ပြောဆိုချက်သည် ၎င်းတို့ ကိုယ်တိုင် စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို နိုင်ငံတကာသို့ ဝန်ခံလိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ထောက်ပြလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၁ နှစ်ပြည့် အခမ်းအနား အလုပ်ရုံ ဆွေးနွေးပွဲတွင် စစ်အုပ်စု၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးအတွက် ဗုံးကြဲတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်၍ ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) ဒါရိုက်တာ ဆိုင်းမိုင်က စစ်အုပ်စုသည် ငြိမ်းချမ်းရေးဆိုသည့် စကားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဗုံးကြဲတိုက်ခိုက်မှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။

“စစ်တပ်ကနေပြီးတော့ သူတို့ကနေပြီးတော့ ငြိမ်းချမ်းရေးအတွက် ဗုံးကြဲတယ်။ဆိုတဲ့အရာကတော့ သူတို့က ပေါ်ပေါ်တင်တင်ပဲ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်တာပေ့ါနော်။ ဝန်ခံလိုက်တာနဲ့ အတူတူပဲလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတဲ့ဟာက ဒီဗုံးကြဲတာနဲ့က လုံးဝဆန့် ကျင်ဘက် ဖြစ်နေတဲ့ စကားလုံးတွေ ဖြစ်နေတာပေါ့နော်။ ဆိုတော့ ဒါက ကျမအနေနဲ့ ပြောချင်တာက ဒါ သူတို့ လုံးဝ စစ်ရာဇဝတ်မှုကို ကျူးလွန်နေပါပြီ ကျူးလွန်ပါတယ်ဆိုတဲ့ဟာကို ဝန်ခံခြင်းပဲ ဖြစ်တယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်” ဟု ဆိုင်းမိုင်က ပြောသည်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) ၏ နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် အောက်တိုဘာလတစ်လတည်း၌ စစ်အုပ်စုတပ်သည် လေကြောင်းမှ ၂ ကြိမ်၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် KBC ခရစ်ယာန် ဘုရားကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သလို အမျိုးသမီးနှင့် ကလေးငယ် များ အပါအဝင် ပြည်သူ ၂၀ ထက်မနည်းလည်း အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ထို့ပြင် စစ်အုပ်စုသည် ငြိမ်းချမ်းရေးဟု ကြွေးကြော်နေသော်လည်း မြေပြင်တွင် စစ်ရေးပစ်မှတ်နှင့် အရပ်သား ပစ်မှတ် ခွဲခြားခြင်းမရှိဘဲ နိုင်ငံအနှံ့၌ လေကြောင်းဗုံးကြဲမှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက်ရှိသည်။

ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများနှင့် အရပ်သားပြည်သူများ စုဝေး နေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစ ကလေးငယ်များ၊ ကျောင်းသူ/ကျောင်းသားများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့ ပြည်သူများစွာ ထိခိုက်သေဆုံးနေရသည်။

စစ်အုပ်စု၏ အယူအဆမှာ အံ့ဩစရာဖြစ်ပြီး ငြိမ်းချမ်းလိုစိတ် လုံးဝမရှိသည်ကို ပြသနေခြင်းဖြစ်ကြောင်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပရိုဂရမ်ဒါရိုက်တာ နိုင်အဲမွန်က သုံးသပ်ပြောဆိုသည်။

“ဗုံးကြဲတိုက်ခိုက်မှုတွေက ငြိမ်းချမ်းရေး ရလာမယ်လို့ ပြောတဲ့ အတွေးအခေါ်ကတော့ ကျနော်ကတော့ လုံးဝ ရှော့ ဖြစ်တယ်နော်။ ကျနော်တော့ အံ့ဩတယ်။ ဒီလိုမျိုး ပြောတဲ့ဟာတွေကို စစ်အုပ်စုမို့လို့ ပြောတဲ့ဟာရယ် ဖြစ်တယ်နော်။ သူတို့ တကယ့်ကို ဦးနှောက်မရှိတာနော် ကျနော်တို့ တကယ့်ကို ငြိမ်းချမ်းလိုစိတ် မရှိတာဆိုတာ ပုံပေါ် ပါတယ်နော်။ အဲ့လို တိုက်ခိုက်မှုတွေကြောင့် ကျနော်တို့ ဒီ ခဏခဏပဲ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် တွေ ပျက်စီးခဲ့တဲ့ဟာတွေ နေရပ်ကနေ အတင်းအဓမ္မ စွန့်ခွာခဲ့ရတဲ့ အဖြစ်အပျက်တွေနော်။ နောက် တစ်ခါ ကျနော်တို့ ဒီ စစ်အုပ်စုပေါ်မှာ နာကျည်းမှုတွေနော် အဲဒါတွေက ဘယ်လိုမှ ပြန်ပြီးတော့ သင်ပုန်းချေ နိုင်ဖွယ်ရာ မတွေ့ရဘူး။ ဆိုတော့ ငြိမ်းချမ်းရေး ဘယ်လိုမှ ပုံဖော်လို့ ရလိမ့်မယ်လို့ ကျနော်မထင်တော့ဘူး။”

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) အရ အရပ်သားများနှင့် အရပ်သားပိုင် အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) မြောက်ပြီး အရပ်သား ပြည်သူများအပေါ် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) ဖြစ်လာကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။

နိုင်အဲမွန်က “ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်တယ်လို့ စစ်အုပ်စုက ပြောနေတဲ့ ကိစ္စတွေဟာ ဘာတစ်ခုမှ ဒီ ငြိမ်းချမ်း ရေးကို ဦးတည်ချက် လုပ်ဆောင်ချက်မျိုးတွေ မတွေ့ရဘဲနဲ့ Crime against Humanity တို့ War Crime တို့ ဦးတည်နေတာကို ကျနော်တို့ တွေ့ရတယ်။” ဟု ပြောသည်။

၎င်းက ဆက်ပြီး “မှတ်တမ်းတွေ အရဆိုလို့ရှိရင် အခုအောက်တိုဘာလပေါ့နော် ၁၃ ရက်နေ့တုန်းက ဘီလင်းမှာ အလူးကြီးကျေးရွာမှာ စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲမှုတွေ လက်နက် ကြီး ပစ်ခတ်မှုတွေနဲ့ အရပ်သားသေဆုံးတာတွေ ရှိတယ်နော်။ အရပ်သား ၅ ဦး သေဆုံး ၂၁ ဦး ဒဏ်ရာရ ဆိုတာ တွေ ရှိတယ်။ အခု နိုဝင်ဘာလ ၃ ရက်နေ့မှာလည်း ကျနော်တို့ ကရင်ပြည် နယ် ဖာပွန်ခရိုင် ခရစ်ယာန် ကျမ်းစာ သင်ကျောင်းတစ်ခုကို လေကြောင်းနဲ့ တိုက်ခိုက်မှု လုပ်ခဲ့တာတွေကလည်း ကျောင်းသူလေးတွေ အပြစ်မဲ့ ကျောင်းသူလေးတွေ သေဆုံးသွားတယ်နော်။ သုံးဦးတောင်ရှိတယ်။ ဆိုတော့ ဒါတွေက ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ကိစ္စရပ်တွေအားလုံးနဲ့ သွေဖယ်နေတာ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ နိုဝင်ဘာလအတွင်း၌ပင် စစ်အုပ်စုတပ်သည် ကရင်ပြည် ဖာပွန်ခရိုင်ရှိ ကျမ်းစာကျောင်း၊ ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ သားဖွားဆေးရုံနှင့် ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်းတို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မွေးကင်းစကလေးငယ်များ၊ ကျောင်းသူ/ကျောင်းသားများနှင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရသည်။

ဓာတ်ပုံ – ဖာပွန်ခရိုင် ကျမ်းစာကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှ ဒဏ်ရာရရှိသူများကို ထိုင်းဘက်ခြမ်းသို့ ပို့ဆောင်ကုသစဉ်။ / สวท.แม่สะเรียง – Radio Thailand Mae Sariang)