မြန်မာပြည်အရှေ့တောင်ပိုင်း စစ်ဘေးရှောင် ၁.၂ သန်းကျော်ရှိလာ၊လေကြောင်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ခုနှစ်၊ ဇူလိုင်လ၂၄ရက်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မွန်၊ ကရင်နှင့် တနင်္သာရီဒေသများတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၁ ဒသမ ၂ သန်းကျော် ရှိလာပြီ ဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်လိုက်သည်။
KHRG က ဇူလိုင်လ ၂၂ ရက်နေ့တွင် “အကြောက်တရားကို အံတုရင်း” အမည်ရှိ အစီရင်ခံစာသစ်တွင် အဆိုပါ စစ်ဘေးရှောင်များသည် ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာများ ရရှိရန် ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။
စစ်ဘေးရှောင်များသည် တောတောင်များထဲအထိ ပြောင်းရွှေ့ ပုန်းအောင်းနေကြရသည်။
သို့သော် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
စစ်အုပ်စုသည် စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကို သိသိကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း KHRG ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က ပြောသည်။
“သူတို့က ဒရုန်းတွေနဲ့ ကင်းထောက်ပြီးမှ အချက်အလက်တွေ လာကြည့်တာပါ။ ဒါဟာ ရွာလား၊ ဘုရားကျောင်းလား၊ ဘုန်းကြီးကျောင်းလား၊ စာသင်ကျောင်းလား၊ ဆေးရုံလားဆိုတာ သေချာ မြင်နေရပါတယ်။ ဒါပေမဲ့ ဘာမှ ခွဲခြားမှုမရှိဘဲ လူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာပါ။ ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု စောအဲလ်ဘတ်က ဆိုသည်။
စစ်အုပ်စု ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအပြီး ဦးမင်းအောင်လှိုင် သမ္မတအဖြစ် အမည်ခံထားသည့် လက်ထက်တွင်လည်း အခြေအနေများ ပြောင်းလဲတိုးတက်လာခြင်း မရှိပေ။
တိုက်ပွဲများ မရှိသည့် နေရာများတွင်ပင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမို များပြားလာသည်ဟု အစီရင်ခံစာက ဆိုသည်။
ထို့အပြင် နယ်စပ်ဒေသရှိ စစ်ဘေးရှောင်များသည် ဘေးကင်းရာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရာတွင်လည်း အခက်အခဲများစွာ ရှိနေသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ရက်ပိုင်းအတွင်း၌သာ ထိုင်းအစိုးရဘက်က ယာယီ ခိုင်လုံခွင့် ပေးလေ့ရှိပြီး တိုက်ပွဲပြီးသွားပါက မြန်မာပြည်ဘက်သို့ ပြန်လည် ပို့ဆောင်ခံရသည့် အခြေအနေများ ရှိနေသည်ဟု KHRG က ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် အစုအဝေးလိုက် နေထိုင်ရန် မဝံ့မရဲ ဖြစ်နေကြရသည်။
စုပေါင်းနေထိုင်ပါက လေကြောင်းမှ ဗုံးကြဲခံရမည့် အန္တရာယ် ပိုမိုကြီးမားသောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ မိသားစု ၃ စုမှ ၅ စုခန့်သာရှိသော အုပ်စုငယ်များခွဲ၍ တောထဲတွင် ခက်ခဲစွာ ပုန်းအောင်းနေကြရသည်။
ထိုသို့ ခွဲခွာနေထိုင်ရသည့်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိရန် ပိုမို ခက်ခဲလာသည်။ ထို့အပြင် ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများအတွက်လည်း အကူအညီများ ပေးအပ်ရန် အဟန့်အတား ဖြစ်နေရသည်။
KHRG ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စစ်ဘေးရှောင် ၁ သိန်းခွဲနီးပါးသာ ရှိခဲ့သည်။ သို့သော် ၄ နှစ်အတွင်း စစ်ဘေးရှောင်ဦးရေ ၁၀ ဆနီးပါးအထိ ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့ စံချိန်တင် တိုးပွားလာရခြင်းမှာ စစ်အုပ်စု၏ “ဖြတ်လေးဖြတ်” ဗျူဟာကို ပြန်လည်အသက်သွင်းခြင်း၊ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် မတရား စစ်မှုထမ်းဥပဒေများကြောင့် ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
KHRG အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းသို့ အောက်ပါအချက်များကို တိုက်တွန်း တောင်းဆိုထားသည် –
- စစ်အုပ်စုထံ သို့ လက်နက်နှင့် စက်သုံးဆီ တင်ပို့မှုများကို အမြန်ဆုံး ဖြတ်တောက်ရန်။
- လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်အုပ်စုမှတစ်ဆင့် မပေးပို့ရန်။
- ဒေသခံ လူထုအခြေပြုအဖွဲ့အစည်းများ (CBO/CSO) မှတစ်ဆင့် တိုက်ရိုက် ကူညီထောက်ပံ့ရန်။
လက်ရှိတွင် KNU ထိန်းချုပ်ရာ ခရိုင် ၇ ခုအနက် ဒူးပလာယာ၊ မူတြော်နှင့် ခလယ်လွီထူ ခရိုင်တို့သည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေရသည့် ဒေသများ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။