တနင်္သာရီတိုင်း လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းထိုးစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အထိနာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိနာသွားပြီးနောက် ရွာဘုန်းကြီးကျောင်း၌ တပ်စွဲကာ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

အင်အား ၁၀၀ ဝန်းကျင်ပါရှိသည့် အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် လောင်းလုံးမြို့ပေါ်မှတစ်ဆင့် စက် တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် ပြင်းထိန်ကျေးရွာသို့ စီးနင်းဝင်ရောက်ကာ ညအိပ်တပ်စွဲခဲ့ပြီးနောက် စက်တင် ဘာလ ၉ ရက် ဒီနေ့ နံနက် ၃ နာရီခွဲဝန်းကျင်တွင် အရှေ့ဘက်ရှိ ဝေဒီကျေးရွာဘက်သို့ ဆက်လက် စစ်ကြောင်း ထိုးစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများအသုံးပြု၍ စစ်အုပ်စုတပ်စစ်ကြောင်းကို ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ အထိနာသွားခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နက်အစောပိုင်း ရွာထဲ စစ်ကြောင်း ဝင်လာချိန်မှာပဲ တိုက်ပွဲစဖြစ်တာပါ။ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ ဆက်တိုက်လိုက်ဗုံးကြဲတော့ စစ်တပ်ဘက်က တော်တော်လေး အထိနာသွားတယ်။ အခုတော့ ဝေဒီရွာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားပြီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပြီး ပြန်ပစ်ခတ်နေတာ ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် ဝေဒီကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားပြီး ကျေးရွာအတွင်းသို့လည်းကောင်း၊ အနီးအနားရှိ ကျေးရွာများဘက်သို့လည်းကောင်း လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေသည်။

စစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာမှုများကြောင့် ပြင်းထိန်ကျေးရွာနှင့် ဝေဒီကျေးရွာတို့ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရပြီး လက်ရှိအချိန်အထိ နေရပ်သို့ ပြန်လည်မဝင်ရောက်နိုင်ကြသေးပေ။

ဒေသခံအမျိုးသားတစ်ဦးကလည်း ပြင်းထိန်ရွာဘက်ကနေ စစ်ကြောင်းတက်လာကတည်းက တိုက်ပွဲဖြစ်တာ။ ဆက်တိုက် ဖြစ်နေတာလို့ ပြောလို့ရတယ်။ ဒရုန်းတွေနဲ့ပါ ဗုံးလာချတော့ ရွာသားတွေလည်း ဘေးလွတ်ရာကို အမြန်ထွက်ပြေးနေကြရတယ် ဟု ပြောသည်။

အဆိုပါ စစ်အုပ်စုတပ်စစ်ကြောင်းသည် မည်သည့်နေရာသို့ ဆက်လက်ထွက်ခွာမည်ကို အတည်မပြုနိုင်သေးဘဲ စစ်ကြောင်း၏ လှုပ်ရှားမှုကို စောင့်ကြည့်၍ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးထားသည်။

ဓါတ်ပုံ – (ပုံဟောင်း-လောင်းလုံး ပကဖ / လောင်းလုံးမြို့နယ်တိုက်ပွဲအတွင်းတွေ့ရသည့် တော်လှန်ရေးရဲဘော်)