လောင်းလုံးတွင် ခယ်မကို ခဲအိုက သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တော ကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာတွင် ခဲအိုက ခယ်မကို သတ်သွားသည်ဟု ရွာသားများက ပြောသည်။

အသက်ခံရသူမှာ ကျောက်ပုံကျေးရွာ အသက် ၂၈ နှစ်အရွယ် မဌေးဌေးဆိုသူ ဖြစ်ပြီး ကလေးတစ်ဦး မိခင်လည်း ဖြစ်သည်။

နီးစပ်သူ တစ်ဦးက “အိမ်ထဲမှာပဲ တုတ်နဲ့ ရိုက်သတ်လိုက်တာ၊ နားထဲက သွေးတွေ စီးကျနေတယ်၊ နှုတ်ခမ်းကို လည်း ဓားနဲ့လှီးခံထားရတယ်၊ လက်တွေမှာလည်း ဓားဒဏ်ရာတွေရှိတယ်” ဟု ပြောသည်။

မဌေးဌေးကို ဝမ်းကွဲအစ်မ၏ ယောက်ကျားဖြစ်သူ အသက် ၅၀ နှစ်အရွယ် ဦးအက်ဒွက် ဆိုသူက စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၅ နာရီအချိန်ခန့်က နေအိမ်ပေါ်သို့ တက်ရောက်ကာ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။

မဌေးဌေး၏ အ‌လောင်းကို အသတ်ခံရပြီး နှစ်နာရီခွဲခန့် အကြာ နံနက် ၇ နာရီခွဲအချိန်တွင် နေအိမ်အနောက်ဘက် ရှိ ချောင်းအတွင်း တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

သေဆုံးနေသည့် မဌေးဌေး၏ အလောင်းကို လည်ပင်းကို ကြိုးနဲ့ချည်ပြီး အိမ်အနောက်ဘက်ရှိ ချောင်းထဲသို့ ဆွဲခေါ်ကာ ပစ်ချထားသည်။

မဌေးဌေးသည် သကျက်တောကျေးရွာအတွင်း အဝတ်လျှော်ဖွတ်ခြင်းနှင့် အခြား တိုလီမိုလီ လိုအပ်သည်များ လုပ်ကိုင်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေသူတစ်ဦးဖြစ်သည်။

သတ်ဖြတ်ခံရသူ မဌေးဌေးသည် Signal Morhter တစ်ဦးဖြစ်ကာ အသက် ၉ နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ပြီး မဌေးဌေးကို သမီးဖြစ်သူ၏ အ‌ရှေ့မှာပင် သတ်ဖြတ်ခဲ့ဖြစ်ကြောင်း ရွာသားများက ပြောသည်။

လူသတ်မှု ကျူးလွန်သူကို စက်တင်ဘာလ ၁၈ ရက်နေ့ ကတည်းက လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ထိပ်ခတ်ပြီး လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဦးအက်ဒွက်မှ ပြစ်မှုကျုးလွန်ခဲ့သည်ကို ဝန်ခံထားပြီး၊ လက်ရှိတွင် လောင်းလုံး – ပအဖအဖွဲ့မှ ဖမ်းဆီးထိန်းသိမ်း ထားကြောင်းနှင့် တရားစီရင်ရေး အပိုင်းကို ဆက်လက် လုပ်ဆောင်သွားရန် ကျန်ရှိနေသေးသည်ဟု လောင်းလုံး ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဌေးဌေး၏ အလောင်းကို‌ သတ်ဖြတ်ခံရသည့် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ပင် ရွာသူ ရွာသားများ၏ အကူအညီဖြင့် သင်္ဂြိုဟ်လိုက်ကြပြီ ဖြစ်သည်။