ထားဝယ်ခရိုင်အတွင်း မြို့နယ် ၃ ခုကို စစ်တပ် စစ်ကြောင်းထိုး၍ KNU နှင့် စစ်ရေး တင်းမာနေ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေနှင့် တော် လှန်ရေး အင်အားစုများ ထိန်းချုပ် စိုးမိုးထားသည့် ဒေသများကို ပြန်လည် စိုးမိုးနိုင်ရေးအတွက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသဖြင့် စစ်ရေး အခြေအနေများ တင်းမာလျက်ရှိသည်။

စစ်အုပ်စုတပ်သည် ဩဂုတ်လ ဒုတိယအပတ်မှစ၍ ထားဝယ်ခရိုင်အတွင်းရှိ သရက်ချောင်း၊ လောင်းလုံးနှင့် ထားဝယ်အရှေ့တော (မေတ္တာမြို့) တို့ဘက်သို့ အင်အားများ အဆမတန် တိုးချဲ့ကာ ဖြန့်ကျက် စစ်ကြောင်းထိုး နေခြင်း ဖြစ်သည်။

ဒေသတွင်း စစ်ရေး သတင်းအရင်းအမြစ်တစ်ဦးက စစ်အုပ်စုက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေ တွေကို ပြန်ရဖို့ အဓိက စစ်ကြောင်းထိုးနေတာပါ။ အထူးသဖြင့် ထားဝယ်အရှေ့ တောဘက်ကနေ တစ်ဆင့် KNU ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ထီးခီး နယ်စပ်လမ်းကြောင်းကို ပြန်စိုးမိုး ချင်တာကြောင့် အရှေ့ ဘက် တောင်ကြောတစ်ခုလုံးကို အင်အားဖြည့်ပြီး ဖိအားပေးနေတာ ဖြစ်တယ်ဟု ပြော သည်။

အဆိုပါ ထိုးစစ်အတွင်း သရက်ချောင်းမြို့နယ် အထက်ပိုင်းရှိ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်း၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကားနှင့် ပဒက်ချောင်း စသည့် ကျေးရွာများဘက်သို့ စစ်အုပ်စုတပ်က အင်အား ရာချီ အသုံးပြုကာ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသဖြင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လျက်ရှိသည်။ 

ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း ပဒက်ချောင်းကျေးရွာအနီးသို့ စစ်ကြောင်း တိုးဝင်လာသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ခဏတာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သရက်ချောင်း ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သူတို့က ရွာတွေထဲအထိ အတင်းတိုးလာတော့ နှစ်ဖက်ထိတွေ့မှု ဖြစ်တာပါ။ မီးရှို့တာတွေ၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေအပြင် ဒရုန်းနဲ့ ဗုံးချတာတွေ ကိုလည်း နေ့တိုင်းလိုလို လုပ်နေတာကြောင့် တိုက်ပွဲက ပိုပြင်းထန်လာနိုင်ပါတယ် ဟု ပြောသည်။

ထို့ပြင် စစ်အုပ်စုတပ်သည် စစ်ကြောင်းထိုးရာ လမ်းကြောင်းအတိုင်း ပြည်သူပိုင် နေအိမ်များနှင့် တဲများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို စစ်ကြောင်းရှေ့မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ 

ဩဂုတ်လ ၁၀ ရက်နေ့က စစ်ကြောင်းထိုးစဉ် ကင်းရှေ့ရွာမှ ဖမ်းဆီးသွားသည့် ရွာသား ၇ ဦးအနက် အသက် ၅၃ နှစ်အရွယ် ဦးစိုးထွန်း ဆိုသူကို စော်ဖျားရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်သတ် မြေမြှုပ်ခဲ့သည့်အပြင် လက် ရှိတွင်လည်း စော်ဖျားရွာ ဘုရားကုန်း၌ ပြန်လည် တပ်စွဲရန်အတွက် စက်ပစ္စည်းနှင့် ဆောက်လုပ်ရေး ပစ္စည်းများ တင်ဆောင်ကာ တပ်စခန်း အခိုင်အမာ ဆောက်လုပ်နေသည်။

စစ်ကြောင်းက ရွာတွေမှာ ပြန့်ကျဲနေတော့ သွားရင်းလာရင်း စစ်ကြောင်းနဲ့ တိုးတဲ့သူတွေ ခဏခဏ ဖမ်းခံရ တယ်။ ရှေ့တစ်သုတ် ဖမ်းလိုက် ပြန်လွှတ်လိုက်၊ နောက်တစ်သုတ် ထပ်ဖမ်းလိုက်နဲ့ ပြည်သူတွေ ဘယ်မှ မသွား ရဲကြတော့ဘူး။ အခုဆိုရင် ကျေးရွာ ၁၀ ရွာထက်မနည်းက ရွာသားတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးနေ ကြရတယ် ဟု ကင်းရှေ့ရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ လောင်းလုံးမြို့နယ်အတွင်းရှိ ဂေါ့အင်းနှင့် ရေဖြူကျေးရွာ ပတ်ဝန်းကျင်တို့တွင်လည်း စစ်တပ်က တပ်စွဲထားပြီး၊ ဩဂုတ်လ ၁၈ ရက်နေ့က လောင်းလုံး-မောင်းမကန် လမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ (၁၀၄) မှ လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ကျောက်ဆင်ရွာမှ သားအဖ ၂ ဦး သေဆုံးကာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိတွင် စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုကြောင့် သရက်ချောင်း၊ လောင်းလုံးနှင့် မေတ္တာမြို့နယ်တို့ရှိ ကျေးရွာ ပေါင်း ၁၀ ရွာကျော်မှ ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ အရေးပေါ် စစ်ဘေးရှောင်နေကြရသည်။

ဓာတ်ပုံ – Crd