ICJ စီရင်ချက်အပေါ် အမှန်တရားနှင့် တရားမျှတမှုအပေါ် ရပ်တည်မည်ဟု AA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုအပေါ် ခိုင်မာစွာ ရပ်တည်ပြီး အာရက္ခဒေသ အကျိုးစီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည်လုပ်ဆောင်သွား မည်ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသည် ရိုဟင်ဂျာများကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့ တွင် ဆုံးဖြတ်လိုက်ခြင်းနှင့် ပတ်သက်၍ မေးမြန်းမှုကို ဦးခိုင်သုခက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးခိုင်သုခက “လက်ရှိဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေ အရပ်ရပ်ကို မျက်ခြေမပြတ် စောင့် ကြည့်နေပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုအပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီးတော့ အာရက္ခဒေသ အကျိုး စီးပွားအတွက် သင့်တော်လိုအပ်သလို ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ICJ စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ရခိုင်ပြည်နယ် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပါအဝင် သက်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် အာဏာပိုင် များနှင့် အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းချိတ်ဆက် လုပ်ဆောင်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။
ထို့ပြင် ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးနှင့် တန်းတူနိုင်ငံသားဖြစ်ခွင့် ရရှိရေးအတွက် ရိုဟင်ဂျာ ကိုယ်စားလှယ်များနှင့် တိုက်ရိုက်လက်တွဲ လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း KNU က ဖော်ပြထား သည်။
ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးနှင့် ICJ စီရင်ချက်ဆိုင်ရာ လုပ်ငန်းစဉ်များသည် ရခိုင်ပြည်တွင် ဆောင်ရွက် ရမည် ဖြစ်သည့်အတွက် မြေပြင်နယ်မြေအများစုကို ထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆောင်ရွက်မှသာ အဆင်ပြေနိုင်မည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။
နိုင်ငံရေးလေ့လာစောင့်ကြည့်သူ တစ်ဦးက “ရိုဟာဂျာတွေ ထွက်ပြေးတာ အသတ်ခံရတာတွေက ရခိုင် ပြည်နယ် မှာ ဖြစ်တာ အခုရခိုင်ပြည်နယ် နေရာအများစုကို အေအေထိန်းထားတယ်။ အဲ့တော့ ပြန်လည် လက်ခံရေဒ ကုစားရေးတွေကအစ အေအေနဲ့တော့ ဆွေးနွေးကြရမှာပဲလေ။ နိုင်ငံတကာအဖွဲ့တွေရော အာဆီယံရော အကုန် အေအေနဲ့ ဆက်စပ်တာ လုပ်လာနိုင်တယ်။ အေအေကတော့ ဒီအခြေအနေမှာ ဒေသဖွံဖြိုးရေးနဲ့ မဟာမိတ် အရေးကို သတိထားရမယ်” ဟု ပြောသည်။
ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အခြေစိုက် ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အပြီး သတ် စီရင်ချက် အမိန့် ၁၃ ချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း အာရက္ခဒေသ၌ စစ်အုပ်စုတပ်သည် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာလူမျိုး တစ်သောင်းခန့်ကို သတ်ဖြတ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကလေးငယ်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများအပြင် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ICJ ဥက္ကဋ္ဌ ယူဂျီ အီဝါဆာဝါက ကြားနာစဉ် ပြောဆိုခဲ့သည်။
ပုံစာ – နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုအတွက် စစ်ဆေးနေစဉ် (ဖိုင်ဓာတ်ပုံ)။ (ဓာတ်ပုံ – UN Photo/ICJ/Frank van Beek)