ဧရာဝတီတိုင်းတွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးမှုများ ဆက်ရှိနေ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။
ဧရာဝတီတိုင်းအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် မြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဒေသခံပြည်သူများကို စစ်အုပ်စုတပ်က အကြောင်းပြဖမ်းဆီးမှုများ လုပ်ဆောင်နေသလို တိုက်ပွဲများ အတွင်း ပို့ဆောင်ခံထားရသည့် စစ်မှုထမ်းတပ်သားသစ်အချို့မှာလည်း AA ထံသို့ ထွက်ပြေးခိုလှုံမှုများ ရှိလာနေ ကြောင်း ဒေသခံစစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ရခိုင်ရိုးမတောင်တန်းနှင့် နီးကပ်စွာ တည်ရှိပြီး ရခိုင်ဘက်မှ ပြောင်းရွှေ့နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်း ရှိနေသည့်နေရာဖြစ်သည်။
အဆိုပါ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာတွင် အောက်တိုဘာလ ၂၄ ရက်နေ့က စားသောက်ကုန်နှင့် စက်သုံးဆီ ရောင်းချနေသည့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအရပ်သား သုံးဦးကို AA ထံ စက်သုံးဆီ တရားမဝင်သို လှောင်ရောင်းချပေးနေသည်ဟု စွပ်စွဲကာ စစ်အုပ်စုတပ်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသခံ အမျိုးသမီးတစ်ဦးက “တိုင်းဧရာမှာတော့ စစ်တပ်က အကြောင်းပြဖမ်းချင်ရင် AA အကြောင်းပြလိုက်ရုံပဲ။ သာပေါင်း၊ ရေကြည်၊ ညောင်တုန်းဘက်တွေကတော့ စစ်တပ်တွေနဲ့ တိုက်ပွဲလည်းရှိ တယ်။ ဒေသခံတွေလည်း ပြေးလိုက်၊ ပြန်ဝင်လိုက်နဲ့ တည်ငြိမ်တာမရှိဘူး။ အခုက ကြံခင်းမြို့နယ်ကိုပါ စစ်တပ် က စောင့်ကြည့်နေပြီး AA က လှုပ်ရှားလာတယ်လို့ ထင်လားတော့မသိဘူး။ မာန်အောင်၊ ကြံခင်းက ဒေသခံတွေ က အများစု အေးဆေးနေကြတာပါ၊ အဲ့ဒါကို AA နဲ့ဆက်စပ်တယ်၊ ထောက်ပံ့တယ်ဆိုပြီး လုပ်လာတာပါ၊ အခု ဖမ်းတယ်။ AA ကို ဆီလှောင်ပေးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်အုပ်စု၏ လက်အောက်ခံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ကြံခင်းမြို့နယ်အတွင်းရှိ စားသောက် ကုန်နှင့် စက်သုံးဆီရောင်းချသည့်ဆိုင်များကို ညဘက်အထိ လိုက်လံစစ်ဆေးနေကြပြီး AA အပါအဝင် တော်လှန် ရေး တပ်ဖွဲ့များနှင့် ဆက်စပ်မှုရှိမရှိ စစ်ဆေးနေသလို လယ်ယာသုံး ဒီဇယ်ဆီဝယ်ယူလာသည့် အရပ်သားအချို့ ကိုပါ ပစ်မှတ်ထား စစ်ဆေးလျက် ရှိသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ တိုက်ပွဲများတွင် စစ်အုပ်စုက စစ်မှုထမ်းတပ်သား သစ်များကို အဓိကထား အသုံးပြုနေခြင်းကြောင့် ရှေ့တန်းစခန်းများမှ ထွက်ပြေးမှုများလည်း ဆက်တိုက် ဖြစ်ပေါ်နေသည်။
အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းတွင် ရေကြည်မြို့နယ်၊ ကမ်းပါးကြီးဒေသရှိ ယာယီစခန်းမှ စစ်မှုထမ်း အပတ်စဉ် (၁၁) တပ်သား သုံးဦးမှာ စခန်းကိုစွန့်ခွာကာ ရိုးမပေါ်ရှိ AA ထံသို့ ထွက်ပြေးခိုလှုံသွားခဲ့သည်။
ရေကြည်ဒေသခံ ဒေသခံအမျိုးသားတစ်ဦးက “ရေကြည်မှာ တိုက်ပွဲကာလ တော်တော်ကြာနေတာပေါ့၊ စစ်တပ်က ကျတယ်။ စစ်မှုထမ်းတွေ ထွက်ပြေးတယ်၊ ဒါက ရိုးနေပြီ။ အခုက စစ်မှုထမ်းတပ်သားသစ်တွေက AA နဲ့ တော်လှန်ရေးတပ်တွေဘက်ကို ရောက်အောင် ပြေးနေတာပဲ၊ ထူးခြားတယ်။ ရိုးမခြေရင်း တချို့နေရာ တွေမှာ AA က စောင့်ပြီး လက်ခံနေတယ်လို့ကို သတင်းတွေ ပြန့်နေတာပါ” ဟု ပြောသည်။
ထိုသို့ စစ်မှုထမ်းတပ်သားသစ်များ ထွက်ပြေးလွတ်မြောက်သွားခြင်းကြောင့် စစ်အုပ်စုတပ်က လိုက်လံရှာဖွေနေ ကြပြီး ဒေသခံပြည်သူများကိုလည်း တွေ့ရှိပါက သတင်းပေးရန်နှင့် တပ်သားသစ်များကို လက်ခံထားရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်လျက် ရှိသည်။
စစ်အုပ်စုသည် ရေကြည်မြို့နယ်အတွင်းရှိ ကမ်းပါးကြီးဒေသအပါအဝင် ကျေးရွာအချို့တွင် စစ်မှုထမ်းအသစ် များကို အသုံးပြုကာ အောက်တိုဘာလ ပထမပတ်ကတည်းက ယာယီစခန်းများကို တိုးချဲ့တပ်စွဲထားခြင်း ဖြစ်သည်။
ဓါတ်ပုံ – (စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။ / Credit to original uploader)