ရခိုင်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး သေဆုံးသူ မြင့်တက်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်။

ရခိုင်ပြည်အတွင်း မြေပြင်တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့ တိုက်ပွဲများ ပြင်းထန် လျက်ရှိပြီး စစ်အုပ်စုတပ်ဘက်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခြင်း တို့ကြောင့် ဒေသခံ အမျိုးသမီးများ ထိခိုက်သေဆုံးမှု သိသိသာသာ မြင့်တက်လာနေကြောင်း ဒေသခံများနှင့် ပရဟိတဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နယ်များအပြင် နယ်စပ်ဒေသ ၄ နေရာထက်မက၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုတပ်ဘက်မှ စစ်ရေးအရ အရေးနိမ့်လာချိန်တွင် အရပ်သားများ လှုပ်ရှား သွားလာသည့် နေရာများနှင့် ကျေးရွာများကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲနေသည်ဟု ဆိုသည်။

ပရဟိတဆောင်ရွက်နေသူ အမျိုးသားတစ်ဦးက ဩဂုတ်လနဲ့ စက်တင်ဘာလမှာ ရခိုင်ကို ဗုံးကြဲတာ ပိုများလာ တယ်။ ရခိုင်တောင်ပိုင်း ဂွ၊ သံတွဲ၊ တောင်ကုတ်အပြင် မြောက်ပိုင်းက မြို့တွေမှာလည်း အမျိုးသမီး သေဆုံးတာ တွေ များတယ်။ သံတွဲ ကျောက်ကြီးက ဘုန်းကြီးကျောင်းနားကို စစ်တပ် ဗုံးကြဲတာမှာ သေဆုံးတာ အမျိုးသမီး တွေ ပိုများတယ်။ အခု ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေ နယ်စပ် အပါအဝင် ရခိုင်တစ်ပြည်လုံးကို ကြဲနေ တာပါ ဟု လက်ရှိ မြေပြင်အခြေအနေကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ ဘုန်းကြီးကျောင်း အနီးပတ်ဝန်း ကျင်သို့ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၁၁ ဦး အပါအဝင် ဒေသခံ ၁၆ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ချက် အရ ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၂ ရက်အထိ သုံးလနီးပါး ကာလအတွင်း နိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်ကြောင့် အမျိုးသမီး စုစုပေါင်း ၈၉ ဦး သေဆုံးခဲ့ရာတွင် ရခိုင်ပြည်မှ အယောက် ၃၀ ပါဝင်သဖြင့် အမျိုးသမီး သေဆုံးမှု အများဆုံး ဒေသဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

AAPP ၏ စာရင်းများအရ အဆိုပါ သုံးလတာအတွင်း သေဆုံးခဲ့ရသည့် အမျိုးသမီး ၈၉ ဦးအနက် ၇၆ ဦးမှာ လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အောက် မိန်းကလေး ၁၂ ဦး ပါဝင်သည် ဟု ဆိုသည်။

AAPP က သေဆုံးရသည့် အကြောင်းအရင်းအနေဖြင့် (၇၆) ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှု ကြောင့် အများဆုံး သေဆုံးခဲ့ပြီး သေဆုံးသူများအနက် ရခိုင်ပြည်နယ်၌ (၃၀) ဦးဖြင့် အများဆုံး သေဆုံးခဲ့သည် ဟု သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့အထိ စစ်အုပ်စု တပ်နှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ပြည်သူ စုစုပေါင်း ၈,၄၁၈ ဦး ရှိပြီဖြစ်ကြောင်းလည်း AAPP ၏ စာရင်းများတွင် ဖော်ပြထားသည်။

ဓါတ်ပုံ – (စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပလက်ဝ၊ စိမ်းညှင်းဝကျေးရွာမှ မူလတန်းကျောင်းသားနှင့် ဒေသခံများ။ / AA)