ရခိုင်တွင် AA ထိန်းချုပ်ထားသော မြို့နယ် သုံးခုကို စစ်တပ် လေကြောင်းမှ ဗုံးကြဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ သံတွဲ၊ ပုဏ္ဏားကျွန်းနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးမြို့တို့ပါ ဗုံးကြဲခံရပြီး အရပ်သားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် ၁၁ နာရီကျော်တွင် သံတွဲမြို့နယ်၊ သစ်ငုတ္တိုကျေးရွာနှင့် ဆိုးပုံကျေးရွာ အနီး ဝန်းကျင်သို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီး ကျောင်းအနောက်ဘက် လယ်ကွင်းပြင်နှင့် တောင်တန်းများတွင် ကျရောက်ပေါက်ကွဲခဲ့သည်။

သံတွဲဒေသခံတစ်ဦးက ဒီနေ့ ဗုံးကြဲသွားတာက သံတွဲ-ဂွ ကားလမ်းမပေါ်က သစ်ငုတ္တိုရွာနားတင် ဗုံးတွေ လာ ကြဲသွားတာ။ ရွာဘုန်းကြီးကျောင်း နောက်ဘက် လယ်ကွင်းတွေနဲ့ ဆိုးပုံရွာဘက်က တောင်တန်းတွေပေါ်မှာ ပေါက်ကွဲသံတွေ အကျယ်ကြီး ကြားရတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံး ၁၀ လုံးမက ကြဲသွားတာ။ ထိခိုက်မှု အခြေ အနေတော့ လောလောဆယ် စုံစမ်းနေတုန်းပဲ ဟု ပြောသည်။

သံတွဲမြို့နယ်တွင် စစ်အုပ်စုတပ်က ပြီးခဲ့သည့် လများအတွင်းကပင် လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲခဲ့သည့် အပြင် ယခုအခါ ကားလမ်းမ အနီးဝန်းကျင်ရှိ ကျေးရွာများအထိ တိုက်ခိုက်မှုကို တိုးမြှင့်လုပ်ဆောင်လာခြင်း ဖြစ် သည်။

ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖြစ်သည့် မြောက်ဦးမြို့ပေါ်သို့လည်း စက်တင်ဘာလ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းတွင် စစ်အုပ်စုတပ်က တိုက်လေယာဉ် ၃ စီးဖြင့် ပတ်လည်ဗုံးကြဲခဲ့သဖြင့် မြို့ခံများ ဘေးလွတ်ရာ ဗုံးခိုကျင်းများအတွင်း ပုန်းခိုခဲ့ကြရသည်။

မြောက်ဦးမြို့ခံတစ်ဦးက “မွန်းတည့်ခါနီးမှာ တိုက်လေယာဉ် ၃ စီးနီးပါး မြို့ပေါ်ကို ဝဲပြီး ဆက်တိုက် ဗုံးကြဲတာ။ ဗုံးသံတွေက ဆက်တိုက်ပဲ။ ၄ လုံးလောက် တခါတည်းကြဲသွားတာ။ ပြည်သူတွေလည်း ကြောက်လန့်ပြီး ဗုံးခိုကျင်းတွေထဲမှာ ပုန်းနေကြရတယ်။ အသံတွေ တိတ်သွားတော့မှ ပြန်ထွက်ပေါ့။ အခြေအနေကတော့ အမြဲသတိထားကြည့်ပြီး နေရတာ ဟု ပြောသည်။

အလားတူ စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာ၊ မင်းချောင်းတံတားအနီးနှင့် ဖက်ကျကျေးရွာတို့ကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များ အသုံးပြု၍ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲသည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ဖက်ကျကျေးရွာမှ ရွာသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက စ်တွေဘက်ကနေ စစ်ကြောင်းထိုးဖို့ ကြိုးစားပေမဲ့ AA က ထိရောက်စွာ ပိတ် ဆို့ထားတော့ စစ်အုပ်စုတပ်က ရှေ့မတိုးနိုင်ဘူး။ အဲဒါကြောင့် လေကြောင်းနဲ့ လက်နက်ကြီးကိုပဲ သုံးပြီး ရွာတွေ ကို ရမ်းသန်းပစ်နေတာ။ စက်တင်ဘာ ၁၇ ရက်ရော၊ ၁၆ ရက်နေ့ရော ကြဲတယ်။ ကွမ်းတောင်နဲ့ မင်းချောင်း တံတားဘက်ကို တစ်နေကုန် ဗုံးကြဲရုံမက စက်သေနတ်တွေနဲ့ပါ လှမ်းပစ်နေတာ။ ဖက်ကျရွာက ရွာသား တစ်ယောက် ဒဏ်ရာသွားတယ် ဟု ပြောသည်။

စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တွင် စက်တင်ဘာလ ၄ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းသော်လည်း AA ၏ ပိတ်ဆို့ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ လေကြောင်းနှင့် လက်နက်ကြီးကိုသာ အဓိက အားပြု ပစ်ခတ်နေခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးမှု အနောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းလျက်ရှိသည်။