ULA/AA နှင့် မီဇိုရမ်ယာဉ်ပိုင်ရှင်များအသင်း MoU ရေးထိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စိုင်ဟာခရိုင်ရှိ မီဇိုရမ်လုပ်ငန်းသုံး ယာဉ်ပိုင်ရှင်များအသင်း (MCVOA) နှင့် ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့အကြား နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ နားလည်မှု စာချွန် လွှာ (MoU) ရေးထိုးလိုက်သည်။

စာချုပ်အရ ရခိုင်ဒေသနှင့် အိန္ဒိယအကြား ကုန်စည်စီးဆင်းမှု ပိုမိုစနစ်ကျပြီး တရား ဝင်ပုံစံဆန်ဆန် ဖြစ်လာနိုင်ကြောင်း ဒေသခံကုန်သည်များနှင့် နယ်စပ်အရေး လေ့လာသူများက သုံးသပ် ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့က စိုင်ဟာမြို့ရှိ သတင်းစာကလပ်၌ MCVOA ၏ စိုင်ဟာခရိုင်အဖွဲ့ခွဲနှင့် ULA/AA ကိုယ်စားလှယ်များ တွေ့ဆုံကာ အဆိုပါ MoU ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ယခင်က ဖြစ်ပေါ်ခဲ့သည့် နယ်စပ်ဒေသ အငြင်းပွားမှုများနှင့် နားလည်မှုလွဲမှားမှုများကို ညှိနှိုင်းဖြေရှင်းနိုင်မည့် စနစ်တစ်ခု ပေါ်ပေါက်လာသည့်အတွက် ရုတ်တရက် ကုန်စည်ပြတ်တောက်မှုကို ကြိုတင်ကာကွယ်နိုင်မည်ဟု ဒေသခံ ရခိုင်ကုန်သည်တစ်ဦးက ပြောသည်။

ရခိုင်ကုန်သည်က “အဓိကကတော့ အရင်ကဖြစ်ခဲ့ဖူးတဲ့ နယ်စပ်ဒေသ အငြင်းပွားမှုတွေ၊ နားလည်မှုလွဲမှားတာ တွေကို ဖြေရှင်းနိုင်မယ့် စနစ်တစ်ခုကို ဖော်ဆောင်ပေးလိုက်တာလို့ မြင်တယ်။ စက်တင်ဘာလတုန်းကလို ကုန် သွယ်ရေးလမ်းကြောင်း ပိတ်ဆို့တာမျိုး ဖြစ်မလာတော့ဘဲ တရားဝင်လို ဖြစ်သွားတာပေါ့။ မမျှော်လင့်ဘဲ ကုန်စည်စီးဆင်းမှု ပြတ်တောက်ရတာမျိုး ကြိုတင်ကာကွယ်နိုင်မယ်။ ကုန်အဝင်အထွက် အသွားအလာကိုလည်း အချိန်တစ်ခု သတ်မှတ်ထားနိုင်တော့ အားလုံးအတွက် အဆင်ပြေပါတယ်” ဟု ပြောသည်။

နှစ်ဖက်ဆွေးနွေးမှုများအရ နယ်စပ်မြစ်ဖြစ်သည့် ကုလဒန် (လုံပု) မြစ်ဘေးရှိ ရာလီနှင့် ဆလချွာကျေးရွာများအနီး ကုန်ပစ္စည်းသယ်ယူရာတွင် အသုံးပြုသည့် မော်တော်ယာဉ်နှင့် စက်လှေငှားရမ်းခ နှုန်းထားများကို သင့်တင့်မျှတ ပြီး တစ်ပြေးညီ ဖြစ်စေရန် သတ်မှတ်ခဲ့ကြသည်။

ထို့ပြင် အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နေ့စဉ် ည ၈ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးသွားရန်လည်း သဘောတူခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို MCVOA ၏ စိုင်ဟာခရိုင်အဖွဲ့ခွဲဥက္ကဋ္ဌက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ULA/AA ကိုယ်စား လှယ်များနှင့် ဒေသခံကုန်သည်များအကြား ဆက်ဆံဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးရှိပြီး လုံခြုံမှုရှိမည်ဖြစ် ကြောင်း တိုက်တွန်းခဲ့သည်ဟု သိရသည်။

နယ်စပ်အရေး လေ့လာသူတစ်ဦးက “ရခိုင်အစပ် ကုလားတန်မြစ် ပတ်ဝန်းကျင်ရွာတွေက နယ်စပ်ကုန်သွယ် မှုဟာ တရားဝင်ပုံစံမျိုး ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ဒီပွဲကို စိုင်ဟာခရိုင် အဖွဲ့ခွဲ ဥက္ကဋ္ဌက ဦးဆောင် ကျင်း ပခဲ့တာဖြစ်ပြီး အိန္ဒိယ သတင်းစာတွေမှာလည်း ဖော်ပြနေကြတာဆိုတော့ ULA/AA ရဲ့ ထိန်းချုပ်နယ်မြေ ကုန် သွယ်ရေး အခန်းကဏ္ဍကို အတိုင်းအတာတစ်ခုအထိ အသိအမှတ်ပြုလာတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု သုံးသပ် ပြောဆိုသည်။

ယခင်က စိုင်ဟာခရိုင်အတွင်းရှိ Mara Thyutlia Py (MTP) အဖွဲ့နှင့် နယ်စပ်ဂိတ်များတွင် အငြင်းပွားမှု ဖြစ် ပွားကာ စက်တင်ဘာ ၁၆ ရက်မှစ၍ နယ်စပ်ကုန်သွယ်ရေးကို အကန့်အသတ်မရှိ ပိတ်ပင်ခဲ့ဖူးသော်လည်း ULA/AA တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် စက်တင်ဘာ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုက ရခိုင်ပြည်သို့ ဆက်သွယ်ထားသည့် ပြည်မဘက်ကုန်းလမ်းနှင့် ရေလမ်းကြောင်းများကို တင်းကျပ်စွာ ပိတ်ဆို့ထားသည့်အတွက် ဒေသခံပြည်သူများနှင့် ကုန်သည်များမှာ စက်သုံးဆီအပါအဝင် အခြေခံ ကုန်ပစ္စည်းများအတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း နယ်စပ်လမ်းကြောင်းကို အဓိက အားထားနေ ကြရသည်။

(ဓာတ်ပုံ – Zothlifim)