ကျောက်ဖြူ တိုက်ပွဲများကြောင့် ဒေသခံ ၅ သောင်းခန့် စစ်ဘေးရှောင်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်။
တရုတ်၏ စီမံကိန်းများရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်တပ်၏ အဓိကရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က စစ်မျက်နှာနှစ်ခုခွဲ၍ အရှိန်မြှင့်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသခံ ၅ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
ကျောက်ဖြူမြို့နှင့် ၂၈ မိုင်ခန့်အကွာ စနဲမြို့အနီးရှိ စစ်တပ်၏ တောင်မော်ဦး ရေတပ်စခန်းဝန်းကျင်တွင် ယခု မေလဆန်းပိုင်းကတည်းက တိုက်ပွဲများ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေခြင်း ဖြစ်သည်။
စစ်တပ်က ကျောက်ဖြူ-ရမ်းဗြဲ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း AA ၏ ကြားဖြတ် ဖြတ်တောက် တိုက်ခိုက်မှုများကြောင့် ရှေ့မတိုးနိုင်ဘဲ အထိနာလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
စစ်တပ်သည် မြေပြင်တိုက်ပွဲရှုံးနိမ့်မှုများကို တန်ပြန်သည့်အနေဖြင့် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က စနဲမြို့ ပေါ်ရှိ ရွှေဟင်္သာရပ်ကွက်ကို တိုက်လေယာဉ် ၅ စီးဖြင့် အရပ်သားပစ်မှတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၀၀ ခန့် မီးလောင်ပြာကျခဲ့ပြီး တစ်ရပ်ကွက်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက “စစ်ရှောင်နေတဲ့ အချိန်ဖြစ်တာပါ။ ရပ်ကွက်ထဲမှာ ဘယ်သူမှ မရှိဘူး။ လက်ရှိမြေပြင်ရဲ့ အနေအထားသွား ကြည့်တော့ အကုန်လုံး ရစရာတစ်ခုလည်း မရှိအောင် ပျက်စီးကုန် ပြီ။ ယူစရာ ကောက်စရာ တစ်ခုလည်း မရှိ တော့ဘူး။ ဘာမှကို မကျန်တာ။ စစ်ပွဲလည်းမရှိဘူး။ အဲ့ဒါကို မဆီ မဆိုင် အရပ်သား လူထုနေတဲ့နေရာကို ဗုံးကြဲတာ” ဟု ပြောသည်။
ယခုအခါ စနဲမြို့ပေါ်ရပ်ကွက်များ အပြင် အနီးနားရှိ ကျေးရွာပေါင်း ၁၄ ရွာထက်မနည်းမှ ပြည်သူ ၅ သောင်းဝန်း ကျင်ခန့်သည် AA ထိန်းချုပ်ထားရာ ရမ်းဗြဲကျွန်းနှင့် တောင်ကုတ်မြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြရ သည်။
စစ်ရှောင်တစ်ဦးက “လေယာဉ်နဲ့ ဗုံးလာကြဲတော့ ဘာမှမပါဘဲ ပြေးခဲ့ရတာ။ အခုက မိုးကလည်း ဆက်တိုက်ရွာ နေတော့ တောထဲမှာ ကလေးတွေရော၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ တအား ဒုက္ခရောက်နေ ကြရတယ်။ ကူညီတဲ့လူတွေ လာပေမယ့် မလောက်ဘူး။ တော်တော်ဒုက္ခရောက်တယ်။ အမိုးအကာအတွက် မိုးကာလိပ်တွေနဲ့ တာပေါ်လင်စတွေ အရမ်းလိုနေတယ်။ စားနပ်ရိက္ခာနဲ့ အရေးပေါ်ဆေးဝါးတွေလည်း မရှိ တော့လို့ ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ်သည် တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့် ရေနက်ဆိပ်ကမ်းနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း တည်ရှိရာနေရာဖြစ်သဖြင့် စစ်တပ်နှင့် အာရက္ခတပ်တော် AA နှစ်ဖက်စလုံးအတွက် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ အလွန်အရေးပါသည့် မဟာဗျူဟာမြောက် မြို့နယ်တစ်ခု ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကတင် စစ်တပ်ဘက်က တရုတ်စီမံကိန်းများအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို၊ တစ်ဖက်တွင်လည်း AA ဘက်က ၂၀၂၇ ခုနှစ်မတိုင်မီ ရခိုင်ပြည်အတွင်းရှိ လက်ကျန်မြို့များကို အပြီးသတ် သိမ်းပိုက်မည်ဟု ကြေညာထားသည်။
ထို့ကြောင့် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာမှုများနှင့်အတူ ရခိုင်မြောက်ပိုင်းစစ်မျက်နှာတွင် ကျောက်ဖြူ မြို့ သိမ်းတိုက်ပွဲများမှာ ရှေ့ဆက်၍ ယခုထက်မက ပိုမိုပြင်းထန်လာမည့် အလားအလာတွင် ရှိနေသည်။