ရှမ်းမြောက်မြို့နယ်များတွင် MNDAA စစ်မှုထမ်းခေါ်ယူမှု အရှိန်မြှင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်။
ရှမ်းပြည်မြောက်ပိုင်းရှိ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုးမြို့နယ်များတွင် ယခုလအတွင်း ကိုးကန့်တပ် MNDAA က စစ်မှုထမ်းခေါ်ယူမှုများကို ပိုမိုတင်းကျပ်လာပြီး အချို့နေရာများ၌ မိသားစုဝင် သုံးဦးရှိလျှင် ကျား၊ မ မရွေး တစ်ဦး မဖြစ်မနေ စစ်မှုထမ်းရမည်ဟူသော ပုံစံဖြင့် ခေါ်ယူနေသည်။
အဆိုပါ စစ်မှုထမ်းခေါ်ယူမှုများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ကတည်းက ပုံစံအမျိုးမျိုးဖြင့် စတင်ခေါ်ယူလာခဲ့ခြင်း ဖြစ်ပြီး သိန္နီမြို့ပေါ်တွင် ပြီးခဲ့သည့်နှစ်က ရပ်ကွက်တစ်ခုလျှင် လူ ငါးဦးနှုန်း ကောက်ခံခဲ့သော်လည်း ယခုနှစ် ၂၀၂၆ ခုနှစ် တွင်မူ တစ်အိမ်ထောင် တစ်ဦးနှုန်း ခေါ်ယူလာခြင်း ဖြစ်သည်။
ယခုနှစ်တွင် စစ်မှုထမ်းရန် ရှောင်ပြေးပါက နေအိမ်ကို ချိပ်ပိတ်မည်ဟူသော ခြိမ်းခြောက်မှုများလည်း ရှိနေ သည်ဟု ဒေသခံများက ပြောသည်။
ဒေသတွင်း အခြေအနေနှင့် ပတ်သက်၍ သိန္နီဒေသခံတစ်ဦးက “အရင်နှစ်တုန်းကလို ရပ်ကွက်အလိုက် နည်း နည်းစီ ခေါ်တာမျိုး မဟုတ်တော့ဘူး။ ဒီနှစ်ကျတော့ တစ်အိမ်ထောင် တစ်ယောက်နှုန်း ဖြစ်လာတော့ မိသားစု တွေ အတော်စိုးရိမ်နေကြတယ်။ ရှောင်ပြေးရင် အိမ်ချိပ်ပိတ်မယ်ဆိုတဲ့ ဖိအားတွေကြောင့်လည်း လူတွေက ကြောက်နေကြရတယ်” ဟု ပြောသည်။
ကွတ်ခိုင်ဘက်တွင်လည်း ကျေးရွာအလိုက် ငါးဦးနှုန်း စည်းရုံးခေါ်ယူနေသကဲ့သို့ လားရှိုး၊ မိုင်းယော်ဘက်တွင် လည်း TNLA တပ်သားဟောင်းများကိုပါ ပြန်လည်ခေါ်ယူနေသည်။
ခေါ်ယူခံရသူများကို ကျေးရွာပြည်သူ့စစ်နှင့် အမာခံတပ်သားဟူ၍ နှစ်မျိုးခွဲခြားကာ သုံးလသင်တန်း တက်ရောက် စေပြီး လစာများ ပေးအပ်မည်ဟု ဆိုသည်။
သိန္နီမြို့နယ်အတွင်း စစ်မှုထမ်းရမည်ကို စိုးရိမ်သည့် ဒေသခံလူငယ်များ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ရှိနေသကဲ့ သို့ လူငယ်အချို့မှာမူ ကျောင်းဆက်တက်ရန်နှင့် အိမ်ထောင်ပြုရန် စီစဉ်မှုများပါ ရှိနေသည်ဟု သိန္နီဒေသခံများက ပြောသည်။
ကျေးရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသော်လည်း စစ်သင်တန်း တက်ရောက်ရန် စေလွှတ်ခံရသူများမှာ နေအိမ်သို့ ပြန်မလာကြတော့ကြောင်း ဆိုသည်။
ထို့ပြင် စစ်မှုထမ်းခေါ်ယူမှုနှင့် အခွန်ကောက်ခံမှုများ ဆက်တိုက်ရှိနေခြင်းကြောင့် သိန္နီဒေသအတွင်းရှိ အမျိုးသား၊ အမျိုးသမီး လူငယ်များမှာ အခြားဒေသများနှင့် နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာနေ သည်။
ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း “ရွာအလိုက် ၅ ဦးနှုန်း ခေါ်နေတာတွေ ရှိသလို ကျေးရွာပြည်သူ့စစ်နဲ့ အမာခံဆို ပြီး ခွဲထားတယ်လို့ ကြားရတယ်။ ၃ လ သင်တန်းပြီးရင် လစာပေးမယ် ပြောပေမဲ့ မိသားစုတွေကတော့ ကိုယ့် လူတွေ ပါသွားမှာကို စိုးရိမ်နေကြတုန်းပဲ။ လစာလည်းမလိုချင်ဘူး” ဟု ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းအတွင်း MNDAA ၏ စစ်မှုထမ်းခေါ်ယူမှုများအပြင် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့၏ စုဆောင်းမှုများနှင့် စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်ပူပန် မှုများ ပိုမိုမြင့်တက်နေကြသည်။
လက်နက်ကိုင်အဖွဲ့ အသီးသီး၏ စစ်သားသစ်စုဆောင်းမှု ဖိအားများကြားတွင် ရှမ်းမြောက်ဒေသခံ လူငယ်များနှင့် မိသားစုဝင်များမှာ ဖမ်းဆီးခေါ်ဆောင်ခံရမည် သို့မဟုတ် စစ်မှုထမ်းရမည်ကို စိုးရိမ်နေကြပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ကွတ်ခိုင်ဒေသခံတစ်ဦးက “ဘယ်ဘက်က ခေါ်ခေါ် အရပ်သားတွေပဲ ကျပ်တည်းနေရတာ။ တစ်ဖက်ကလည်း စစ်မှုထမ်းဥပဒေ၊ ဒီဘက်မှာလည်း တပ်သစ်ခေါ်တာတွေဆိုတော့ လူငယ်ရှိတဲ့ အိမ်တိုင်းက နေ့တိုင်း စိတ်ပူနေ ရတယ်” ဟု ပြောသည်။
အဆိုပါ အခြေအနေသည် စစ်အုပ်စုတပ် ပြန်လည်ထိုးစစ်ဆင်လာနိုင်ခြေအတွက် ထိန်းချုပ်နယ်မြေများကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြသည်။
ထိုသို့သော စစ်ရေးပြင်ဆင်မှုများနှင့်အတူ MNDAA သည် မူဆယ်၊ ချင်းရွှေဟော်နှင့် မုံးကိုး နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းများမှ ဝင်ငွေရရှိရေးနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု၊ ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း တိုးချဲ့လုပ်ဆောင်နေသော်လည်း စစ်အုပ်စုတပ်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ တောင်းဆိုမှုများနှင့် နယ်စပ် ဒေသများမှ ဆုတ်ခွာပေးရန်သာ တုံ့ပြန်နေဆဲ ဖြစ်သည်။
ပုံစာ – အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ အပတ်စဉ် (၁) တပ်သားသစ် လေ့ကျင့်ရေး သင်တန်းမှ တပ်သားများ။ / (ဓာတ်ပုံ – The Kokang)