ကွတ်ခိုင်တွင် MNDAA က တအာင်း ဘာသာ ဆိုင်းဘုတ်များ အလံများ ဖြုတ်

သတင်းနှင့် မီဒိယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်။  

ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းကျေးရွာအဝင် ဆိုင်းဘုတ်များကို ဖျက်ဆီးပြီးနောက် တအာင်းဘာသာနှင့် အလံများ အသုံးမပြုရန် MNDAA သတိပေးလိုက်သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ခဲ့သည့် ကျေးရွာများတွင် ရွာအဝင်ဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့ပြီး တအာင်းဘာသာနှင့် အလံများ ထပ်မံအသုံးမပြုရန် ကိုးကန့်တပ်မတော် (MNDAA) က သတိပေးကန့်သတ်မှုများ ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။ 

ကွတ်ခိုင်မြို့ရှိ ဒေသခံအမျိုးသားတစ်ဦးက နောက်ဆုံးအကြိမ် သတိပေးတာလို့ ပြောတယ်။ သူတို့အုပ်ချုပ်ရင် သူတို့အလံပဲ သုံးရမယ့်သဘောပေါ့။ အလံကတော့ အကုန်ဖြုတ်ရတယ်။ လမ်းတွေရော ကျောင်းတွေရော အကုန်လုံးပါတယ် ဟု လက်ရှိမြေပြင်အခြေအနေကို ပြောပြသည်။

MNDAA က ကွတ်ခိုင်မြို့ကို သိမ်းယူပြီးနောက်ပိုင်း နယ်မြေစိုးမိုးမှု အပြောင်းအလဲများ ပြုလုပ်လာခြင်းဖြစ်ကာ တအာင်းဘာသာဖြင့် ရေးထိုးထားသည့် ဆိုင်းဘုတ်များနှင့် အလံများကို အတင်းအဓမ္မ ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ဟိုကျန့်၊ ဟွေခုတ်၊ တုံဆင်၊ ကုန်းချမ်း အပါအဝင် ကျေးရွာ ၁၄ ရွာမှ တာဝန်ရှိသူများကို ခေါ်ယူကာ တအာင်းအလံများ အသုံးမပြုရန်နှင့် တအာင်းဘာသာအစား မြန်မာ (သို့မဟုတ်) တရုတ်ဘာသာဖြင့်သာ ရေးသားရန် ညွှန်ကြားခဲ့ကြောင်း ရွာသားများက ပြောသည်။

ထို့အပြင် ကျေးရွာများအတွင်းရှိ TNLA တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်အပ်နှံကြရန်နှင့် ဆက်လက် တာဝန်ထမ်းဆောင်လိုပါက MNDAA ထံတွင်သာ အမှုထမ်းရန် ဖိအားပေးမှုများ ရှိနေသည်။ 

TNLA နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက လက်နက်ကိုင်ချင်ရင် သူတို့ဆီမှာပဲ ကိုင်ရမယ်တဲ့။ လစာလည်း ပေးမယ်ပြောတယ်။ သူတို့အဖွဲ့မဝင်ချင်လည်း လက်နက်လာအပ်ရင် နေခွင့်ပေးမယ်ပြောတယ် ဟု ပြောသည်။

လက်ရှိတွင် MNDAA သည် ဒေသခံများအား TNLA နှင့် ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ဆက်စပ်သူအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များအကြား နယ်မြေခွဲဝေမှု တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ ၂၁ ရက်နေ့တွင် နှစ်ဖက်တပ်များအကြား အပစ်ရပ်သဘောတူညီမှု ရယူနိုင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

အဆိုပါ သဘောတူညီချက်တွင် တပ်များ ပြန်လည်နေရာချထားရေး၊ သုံ့ပန်းလဲလှယ်ရေးနှင့် နယ်မြေခွဲဝေရေး ကိစ္စရပ်များ ပါဝင်သည်ဟု ဆိုသော်လည်း မြေပြင်တွင် မဟာမိတ်အချင်းချင်းကြား ယဉ်ကျေးမှုနှင့် စာပေဆိုင်ရာ ကန့်သတ်မှုများကြောင့် ဒေသခံ တအာင်းတိုင်းရင်းသားများ အကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။